Hunt: Showdown

အဖွဲ့လိုက်ကစားနိုင်ပြီး စိန်ခေါ်မှုကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ သေနစ်ပတ်ဂိမ်းသစ်နဲ့ အခုတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ ၁၈၉၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်နိုင်ငံ၊ လူစီယားနား ပြည်နယ်မှာ ဇာတ်လမ်းကို အစတည်ထားပါတယ်။ ရင်ဆိုင်စရာ ရန်သူကတော့ စိတ်ကူးယဉ် နည်းနည်းဆန်သွားပြီး မိစ္ဆာတွေဖြစ်ပါတယ်။ လူသားတွေကို ပူးကပ်စေခိုင်းတဲ့ မိစ္ဆာအနေနဲ့ရော နောက်ပိုင်း အဆင့်မြင့်လာလေလေ ပုံသဏ္ဍာန် ထူးခြားပြီး ကြောက်စရာကောင်းတဲ့ မိစ္ဆာတွေအနေနဲ့ပါ ဖန်တီးထားပါတယ်။

ကစားသူတွေကတော့ ကြေးစားသေနတ်သမားတွေအဖြစ် ပါဝင်ရမှာပါ။ ကျား၊ မ ရွေးချယ်ကစားနိုင်မှု အပါအဝင်ဇာတ်ကောင် ပုံစံ၊ နှစ်သက်ရာလက်နက်၊ အဝတ်အစားနဲ့ ဒီဇိုင်းတွေပါ စိတ်ကြိုက်ရွေးချယ် ကစားနိုင်ပါတယ်။ ဒါပေမဲ့ ၁၉၀၀ ပြည့်နှစ်ဝန်းကျင် ဒီဇိုင်းတွေပေါ့။ လက်နက်တွေကလည်း နည်းနည်းတော့ ခေတ်နောက်ကျပေမယ့် စနိုက်ပါလို ဒီနေ့ခေတ် နည်းပညာ အနည်းငယ်သုံးနိုင်အောင် ထည့်သွင်းဖန်တီးထားပါတယ်။

ဇာတ်လမ်းသွားပုံစံ ကစားရမှာဖြစ်ပြီး Loot တွေ စုနိုင်ကာတစ်ခန်းပြီးတိုင်း လက်နက်အသစ်တွေ Unlock ဖြစ်လာနိုင်သလို ရှိရင်းစွဲ မိမိလက်နက်ကို အဆင့်မြှင့်တာတွေ၊ လိုအပ်တဲ့ ပစ္စည်းဖြည့်တင်း ဝယ်ယူတာတွေ လုပ်ဆောင်နိုင်မှာ ပါ။ ကစားသူတွေ အသုံးပြုနိုင်မှာကတော့ သေနတ်မျိုးစုံဖြစ်ပြီး ဓားလိုလက်နက်တွေ အပါအဝင် ကာယအင်အားနဲ့ တိုက်ခိုက်မှုမျိုးတော့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဇာတ်လမ်းအရ ကစားသူတွေအနေနဲ့ မိစ္ဆာပူးကပ်နေသူတွေကိုဖြစ်စေ၊မိစ္ဆာတွေကိုဖြစ်စေ သတ်ဖြတ်ရမှာပါ။ ဒါပေမဲ့ တချို့အခန်းတွေမှာ ကစားသူတွေ အနိုင်မယူနိုင်သေးတဲ့ နောက်ပိုင်းအဆင့်မှာမှ ရင်ဆိုင်ရမယ့်မိစ္ဆာမျိုး ဝင်လာတတ်ပါတယ်။ ဒါဆိုရင် တော့ တိုက်ခိုက်ဖို့ထက် မိမိဆက်လက် ရှင်သန်နိုင်ရေးကို ဦးစားပေးပြီး ရှောင်ထွက်နိုင်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ အဆိုပါ အခန်းမှာတင်ရန်သူကိုလည်း မနိုင်သလို၊ မိမိလည်း မရှင်သန်နိုင်လို့ လည်ထွက်နေပါလိမ့်မယ်။

PC အပါအဝင် PS4 နဲ့ Xbox One တွေအတွက်ပါ ရနိုင်ပါတယ်။ အဖွဲ့လိုက်ကစားရမယ့် ဂိမ်းဖြစ်ပြီး အများဆုံး ၃ ယောက်အထိ ကစားနိုင်ပါတယ်။ လက်နက်ရော ဇာတ်ကောင်စရိုက် ရွေးချယ်မှုအပိုင်းမှာ ဟန်ချက်ညီအောင် ရွေးချယ်ကစားရင်တော့ အနိုင်ရဖို့ပို လွယ်ပါလိမ့်မယ်။ ပုံမှန်ဂိမ်းတွေမှာလိုပဲ ဇာတ်ကောင် တစ်ကောင်ချင်းစီမှာ အားနည်းချက်၊ အားသာချက်တွေရှိနေလို့ပါ။ တောတွင်းသွားလာရမှုတွေ၊ အမှောင်ခန်းတွေမှာ ရင်ဆိုင်တိုက်ခိုက်ရမှုတွေနဲ့အတူရုပ်ထွက်ကောင်းတဲ့ဂိမ်းပါ။ အသံထွက်ဖန်တီးမှု အကောင်းဆုံးဂိမ်းအဖြစ်လည်း သတ်မှတ်ခံထားရပြီး ထိတ်လန့်စရာ ဇာတ်လမ်းသွား အနေအထားမှာ ပိုပြီးကြောက်စရာ ကောင်းအောင်အားဖြည့်ထားပါတယ်။

အသွင်ပြောင်းနိုင်တဲ့ စွမ်းအားရှိမိစ္ဆာတွေကို နောက်ပိုင်းအဆင့်တွေမှာ သင်ဘယ်လို အနိုင်ယူပါ့မလဲ။ ဖန်တီးသူတွေကတော့ ဂိမ်းကိုစိတ်ဝင်စားအောင်၊ ဆန်းသစ်အောင်ဆိုတာထက် ရင်ဆိုင်ရခက်ခဲအောင် လုပ်ထားတာပါ။ ခန့်မှန်းချေနာရီ ၃၀ နဲ့ အထက်လောက်ထိအောင် ဂိမ်းကစားရဖို့ ရှိပါတယ်။ အသားမကျသေးသူ တွေအတွက်ကတော့ အချိန်ပိုလိုအပ်ပါလိမ့်မယ်။ အထူးသဖြင့် နောက်ပိုင်းအဆင့်တွေမှာ တော်တော်လေး ရုန်းကန်ရပြီး အခန်းအစကနေ ပြန်ကစားရတတ်လို့ အာရုံပြည့်ထားဖို့ လိုပါလိမ့်မယ်။ နှစ်၁၀၀ကျော်လောက် ပြန်သွားပြီး မိစ္ဆာတွေကို ရင်ဆိုင်ကြည့်ဖို့ အခွင့်ကောင်းတစ်ခုပါပဲဗျာ။