Huawei Y6P

Price – 179,000 Ks (4/64GB)

အားသာချက်

ကြီးမားတဲ့ မြင်ကွင်းက Contrast ပိုင်းကောင်းမွန်တာ၊ ဂိမ်းကစားဖို့အတွက် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တာနဲ့ အဓိက ကင်မရာက ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်တာတွေအပြင် အချိန်ကြာကြာ အသုံးပြုနိုင်မယ့် ဘက်ထရီစနစ်နဲ့ ဘက်ထရီမှာ Reverse charging စနစ်တွေ ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ကင်မရာစနစ်မှာ night mode မပါဝင်တာနဲ့ Google Services တွေ မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

• MediaTek Helio P22 (12 nm) CPU • PowerVR GE8320
• 4GB RAM • 64GB; microSD up to 512GB
• Android 10, EMUI 10.1 (no Google services)

Huawei Y6p မှာ MediaTek Helio P22 processor, PowerVR GE8320 GPU စနစ်၊ RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB ပါဝင်ပါတယ်။ ပုံမှန် ဖုန်းခေါ်တာ၊ ဗီဒီယိုကြည့်တာ၊ ဓာတ်ပုံရိုက်တာနဲ့ 2D ဂရပ်ဖစ်ဂိမ်း ကစားတာအတွက် အဆင်ပြေပေမယ့် လက်ရှိ နာမည်ကြီးဂိမ်းတွေ ဖြစ်တဲ့ PUBG, Mobile Legends, Call of Duty စတဲ့ ဂိမ်းတွေကတော့ Huawei App Gallery မှာ မရှိသေးတဲ့အတွက် Google Services မပါဝင်တဲ့ ဒီဖုန်းမှာ အလွယ်တကူ ထည့်သွင်း ဆော့ကစားနိုင်မှာ မဟုတ်ပါဘူး။ Android 10 အခြေခံ EMUI 10.1 ကို အသုံးပြုထားပြီး မြန်ဆန်မှုရှိတဲ့ လုံခြုံရေးဆိုင်ရာ လက်ဗွေစနစ်နဲ့ Face-unlock စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• 6.3 inches IPS LCD display • 20:9 aspect ratio
• Fingerprint (rear-mounted) • 185g

Entry-level ဘတ်ဂျက်ဖုန်းဖြစ်ပေမယ့် Huawei Y6p ရဲ့ ဒီဇိုင်းက ဆွဲဆောင်မှုရှိတယ်လို့ ဆိုရမှာပါ။ ပလတ်စတစ်ကိုယ်ထည် ဖြစ်ပြီး မြင်ကွင်းအရွယ်အစား ကြီးမားတဲ့ ကိုယ်ထည်က လက်ထဲမှာ ကိုင်ရတာ အံဝင်ခွင်ကျမှုရှိတာ နှစ်ခြိုက်စရာပါ။ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေ ရှိမှာဖြစ်ပြီး ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက် ရှိပါတယ်။ လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ အောက်ဘက ်ဘောင်ထဲမှာတော့ USB C အားသွင်းပေါက်၊ စပီကာနဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။
ဒီဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားက ၆.၃ လက်မရှိပြီး IPS TFT LCD Display က ရုပ်ထွက်အရည်အသွေး 720×1600 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၁.၃ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 278ppi ရှိပါတယ်။ Display ရဲ့ ရုပ်ထွက်ကာလာ contrast ပိုင်းကောင်းမွန်ပေမယ့် နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness တောက်ပမှုပိုင်းက အဆင်ပြေပေမယ့် ကာလာအချို့ကတော့ အနည်းငယ် ဖျော့သွားတယ်လို့ ခံစားရပါတယ်။

ကင်မရာ

• Standard: 13MP, f/1.8 (Wide), PDAF • 5MP, f/2.2 (ultrawide)
• 2MP, f/2.4 (depth) • Selfie : 8MP, f/2.0 (wide)
• Video : 1080p (30fps) • LED flash, HDR, Panorama

Huawei Y6p မှာ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး အဓိက 13MP ကင်မရာမှာ PDAF စနစ်တွေ ထောက်ပံ့ပါဝင်ကာ 1080p အရည်အသွေး ဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးထားရှိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ultrawide ကင်မရာက ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး 2MP depth ကင်မရာကတော့ နောက်ခံဝါးဝါး Portrait ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 8MP selfie ကင်မရာကိုတော့ နှင်းစက်ပုံစံ notch ထဲမှာ ထည့်သွင်းထားပါတယ်။ အပြင်ဘက် outdoor နဲ့ အတွင်းပိုင်း indoor ရိုက်ကူးမှုအတွက် ကျေနပ်စရာကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပြီး ညပိုင်းရိုက်ကူးမှုအတွက် night mode တော့ ဒီဖုန်းမှာ ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။

ဘက်ထရီ

• Li-Po 5000 mAh • 10W Fast Charging & Reverse charging
• microUSB 2.0 • USB On-The-Go

ဒီဖုန်းမှာ ကြီးမားတဲ့ 5000 mAh ဘက်ထရီကို ထည့်သွင်းထားပြီး 10W fast charging အားသွင်းမြန်ဆန်တဲ့ နည်းပညာနဲ့ Reverse Charging နည်းပညာလည်း ထောက်ပံ့ပါဝင်လာပါတယ်။ မြင်ကွင်းတောက်ပမှု ၅၀ ရာခိုင်နှုန်းနဲ့ အသံအကျယ် ၅၀ ရာခိုင်နှုန်း ထားပြီး ဖုန်းကို Airplane mode ဖွင့်ကာ Full HD ဗီဒီယိုအဆက်မပြတ် ဖွင့်ထားတာကို နာရီ ၂၀ ကျော်ကြာ အသုံးပြုနိုင်တာတွေ့ရပါတယ်။ ဖုန်းဘက်ထရီကနေ အခြားဖုန်းတွေကို အားပြန်သွင်းပေးတဲ့ Reverse charging စနစ်နဲ့ USB OTG စနစ်တွေ ထောက်ပံ့ပါဝင်တာကလည်း entry-level ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။

သုံးသပ်ချက်

Huawei Y6p ရဲ့ ဈေးက ၁၇၉,၀၀၀ ကျပ်ပဲ ကျသင့်တာက ဘတ်ဂျက် entry-level ဖုန်းကို ကိုင်ချင်သူတွေ စိတ်ကျေနပ်စေမယ့်အချက်တစ်ချက် ဖြစ်ပါတယ်။ ဘက်ထရီကြာကြာ အသုံးခံသလို ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိတဲ့ ဒီဖုန်းရဲ့ အဓိက ဆွဲဆောင်နိုင်တဲ့ အချက်တွေဖြစ်ပြီး ကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့ Huawei ရဲ့ ဖုန်းဘက်ထရီကနေ အခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်တဲ့ reverse charging စနစ်တွေ ထောက်ပံ့ပါဝင်တာ သုံးရတာတန်တယ်လို့ ခံစားရမှာပါ။ Helio P22 က ပုံမှန် နေ့စဉ် အသုံးပြုမှုအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိပေမယ့် Google Mobile Services တွေမပါဝင်တာက ဒီဖုန်းကို မဝယ်ခင် အဓိက ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုလို့ ဆိုရမှာပါ။ မိမိအနေနဲ့ Google apps တွေ မသုံးလည်း အဆင်ပြေတယ်။ ဖုန်းပြောရုံ၊ ဗီဒီယိုကြည့်၊ ဂိမ်းကစား၊ ဓာတ်ပုံရိုက်ဖို့အတွက်လောက် ဆိုရင်တော့ ဘက်ထရီကြာကြာ သုံးနိုင်တဲ့ မြင်ကွင်းကျယ် entry-level အမျိုးအစားဒီဖုန်းက ထိပ်တန်းကနေ ရွေးချယ်သင့်တဲ့ ဘတ်ဂျတ်ဖုန်းတစ်လုံးလို့ ဆိုချင်ပါတယ်။

Display
Performance 
Camera 
Battery
Hand on
Over all

-ရဲထွဋ်ဝင်း