HUAWEI nova 2i သုံးသပ်ချက်

အားသာချက်

ကင်မရာပိုင်းမှညရှေ့ကင်မရာနှစ်လုံးနဲ့ နောက်ဘက်ကင်မရညနှစ်လုံး ပါဝင်လာခြင်းက ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုဖြစ်ပြီး ကင်မရာရဲ့ အရည်အသွေး ကောင်းမွန်ခြင်းကလည်း ဒီဖုန်းရဲ့ကောင်းမွန်တဲ့အချက်လို့ ဆိုရမှာပါ။ မျက်နှာပြင်အပြည့် ပုံစံမျိုးဖြစ်ပြီး မှတ်ဉာဏ်ပိုင်းမြင့်မား ကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားခြင်းတွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။ ဖုန်းရဲ Specification ပိုင်းတွေ ကောင်းမွန်ပြီး ဈေးနှုန်းကလည်း အလယ်အလတ် ဖုန်းမျိုးဖြစ်နေတဲ့ အချက်ကလည်း ဒီဖုန်းရဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်

Sim Card နှစ်ကတ်သုံးနိုင်တဲ့ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card သုံးမယ်ဆိုရင် Sim Card တစ်ကတ်ပဲသုံးလို့ရမှာပါ။ Sim Card ထည့်သွင်းအသုံးပြုတဲ့ Adapter ကလည်း ပျော့ပျာင်းတဲ့ ပလတ်စတစ်သားကို အသုံးပြုထားတဲ့အတွက် ထုတ်သွင်းပြုလုပ်ချိန်မှာ အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းကိုလည်း ဂရုစိုက်ရပါလိမ့်မယ်။

ဒီဇိုင်း

ဒီဇိုင်းကလှပသေသပ်ပြီး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ပုံစံမျိုးရှိပါတယ်။ ရှေ့ဘက်မျက်နှာပြင်အပြည့် ပုံစံမျိုးဖြစ်ပြီး ဖုန်းရဲ့ဘေးဘောင်တွေ ပါးလွှာသေးငယ်တဲ့အပြင် မျက်နှာပြင်အပေါ်ဘောင်နဲ့ အောက်ခြေဘောင်တွေကလည်း သေးငယ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်ပေါ်မှာ ခလုတ်တွေတစ်ခုမှ မပါတဲ့အတွတ် Android Button တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ့။ ရှေ့ဘက်မျက်နှာပြင်အပေါ်ထိပ်မှာ ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ကျောဘက်ကာဗာအပေါ်နားမှာ ကင်မရာနှစ်လုံးကို အထက်အောက်ပုံစံမျိုးနဲ့ တပ်ဆင်ပေးထားပါတယ်။ Fingerprint Sensor ကိုလည်း ကျောဘက်ကာဗာပေါ်မှာပဲ ကင်မရာရဲ့ အောက်နားမှာ တပ်ဆင်ပေးထားပါတယ်။ စပီကာ USB နဲ့ နားကြပ်ပေါက်တွေကတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာ တပ်ဆင်ပေးထားတာပါ။

မြင်ကွင်း

Huawei P10 Plus နဲ့ ဖုန်းအရွယ်အစားချင်း သိပ်မကွာပေမဲ့ မြင်ကွင်းပိုင်းမှာတော့ nova 2i က P10 Plus ထပ်ပိုပြီး ကျယ်ဝန်းတဲ့မြင်ကွင်းကို အသုံးပြုထားပါတယ်။ မြင်ကွင်းအရွယ်အစားက ၅.၉ လက်မရှိတဲ့ IPS LCD ကို အသုံးပြုထားပြီး 1080 X 2160 Pixels, 18:9 ratio ရှိတဲ့ Full HD+ Resolution Screen ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

နည်းပညာ

Facebook, Messenger, Wechat တို့လို Social App နဲ့ Chat App တွေကို အကောင့်နှစ်ခုစီ ခွဲသုံးနိုင်တဲ့ App Twin စနစ်နဲ့ Smart Assistant, Navigation အစရှိတဲ့စနစ်တွေ စုံစုံလင်လင် ပါဝင်တာတွေ့ရပါတယ်။ Fingerprint ကလည်း ဖုန်းရဲ့အချက်အလက် လုံခြုံရေးအတွက် အပြင်ဓာတ်ပုံတွေ ကြည့်တာ၊ ဓာတ်ပုံရိုက်တာ၊ ဖုန်းအဝင်လက်ခံတာ၊ Notification တွေခေါ်ကြည့်တဲ့အတွက်ပါ အသုံးပြုနိုင်ပါတယ်။ အသံနဲ့အမိန့်ပေး ဖုန်းခေါ်တာတွေ Gesture C,E,M,W စာလုံးလေးတွေဆွဲပြီး Appတွေကို ဖွင့်နိုင်တာတွေနဲ့ လိုချင်တဲ့နေရာလေးကိုပဲ သီးသန့်လက်ဆစ်ခေါက်ဆွဲပြီး Screenshot ယူနိုင်တဲ့ စနစ်တွေကိုလည်း Huawei nova 2i မှာ အသုံးပြုနိုင်ပါတယ်။

ကင်မရာ

nova 2i မှာနောက်ဘက် ကင်မရာက 16 Megapixels နဲ့ 2 Megapixels ကင်မရာနှစ်လုံးကို Dual ကင်မရာပုံစံ မျိုးနဲ့ ထည့်သွင်းထားပြီး ရှေ့ကင်မရာမှာလည်း 13 Megapixels နဲ့ 2Megapixels ကင်မရာ နှစ်လုံးကို Dual ကင်မရာပုံစံမျိုးနဲ့ ထည့်သွင်းပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ဘက်ကင်မရာရောရှေ့ကင်မရာမှာပါ Portrait Mode စနစ်နဲ့ Flash စနစ်တွေပါဝင်ပါတယ်။ ဓာတ်ပုံအသုံးပြုစနစ်ပိုင်းတွေမှာလည်း Wide Aperture, Moving Capture အစရှိတဲ့ စနစ်တွေစုံစုံလင်လင် ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။

သုံးသပ်ချက်

Huawei nova 2i ဟာဖုန်းရဲ့ ဈေးနှုန်းနဲ့ သူ့ရဲ့အသုံးပြုနိုင်မှု ပုံစံတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သုံးပျော်တယ်လို့ ဆိုရမယ့်ဖုန်း ဖြစ်ပါတယ်။ ကင်မရာပိုင်းကို အဓိကအသားပေးထားတဲ့ ပုံစံမျိုးရှိနေပြီး ရှေ့ကင်မရာရော နောက်ဘက်ကင်မရာကပါ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကောင်းမွန်တာကိုတွေ့ရမှာပါ။ P10 Series ကင်မရာ တွေကို မမီဘူးလို့ဆိုပေမယ့် သူ့ဈေးနဲ့သူဆိုရင်တော့ Nova 2i ရဲ့ ကင်မရာတွေက ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ Fingerprint ကလည်း မြန်ဆန်ပြီး မှတ်ဉာဏ်ပိုင်းနဲ့ ဘက်ထရီပိုင်းတွေမှာလည်း ကောင်းမွန်တဲ့အပြင် ဖုန်းထဲမှာအသုံးပြုနိုင်တဲ့ Settings စနစ်တွေကလည်း စုံလင်တာတွေ့ရမှာပါ။ ဖုန်းကို တည်ဆောက်ထားတဲ့ Specification တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သူ့ရဲ့ဈေးနှုန်းက တော်တော်လေး တန်တယ်လို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင် အပြည့်ပုံစံ ပြုလုပ်ထားတဲ့အချက်၊ ရှေ့နောက် ကင်မရာ စုစုပေါင်း ၄ လုံးပါဝင်တဲ့အချက်၊ မှတ်ဉာဏ်ပိုင်း မြင့်မားကောင်းမွန်တဲ့အချက်၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားတဲ့အချက်နဲ့ ဖုန်းကိုအသုံးပြုတဲ့ အချိန်မှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အချက်တွေက ဒီဖုန်းကို ရွေးချယ်ဖို့အတွက် ဆွဲဆောင်နိုင်စေတဲ့ အချက်တွေလည်းဖြစ်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာဆိုရင်လည်း Internal 64GB နဲ့ RAM 4GB ဖြစ်တဲ့အတွက် မှတ်ဉာဏ်ပိုင်းမှာ မြင့်မားတဲ့အပြင် RAM က လည်း မြင့်မားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် အပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိနေတာတွေ့ရမှာပါ။

-ကိုသက်