Huawei Asia-Pacific Innovation Day အခမ်းအနားတွင် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း အဓိကထားဆွေးနွေး

2017 Huawei Asia-Pacific Innovation Day အခမ်းအနားကို မလေးရှားနိုင်ငံ ကွမ်လာလမ်ပူမြို့မှာ ဒီနေ့ကျင်းပနေပါတယ်။

နည်းပညာဆိုင်ရာပညာရှင်တွေ တီထွင်ဖန်တီးသူတွေ လုပ်ငန်းရှင်တွေ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့တာတွေ့ရပါတယ်။ အဲဒီပညာရှင်တွေဟာ အနာဂတ်ရဲ့ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ အဓိက အကြောင်းအရာတစ်ခုအဖြစ် ဒစ်ဂျစ်တယ်စီးပွားရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ မိုဘိုင်းဖုန်းကနေတစ်ဆင့် ငွေပေးချေတာမျိုး ကတ်အသုံးပြုမှု တွင်ကျယ်လာတာမျိုးတွေ မရှိမဖြစ်လိုအပ်လာပြီဖြစ်ကြောင်း အဲဒါတွေကို နိုင်ငံတိုင်းလိုလိုမှာ အသုံးပြုနိုင်ဖို့ အခြေခံအဆောက်အဦတွေ တိုးချဲ့ဖို့လိုလာကြောင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“အခြေခံအဆောက်အဦ အသစ်တွေဟာ အခွင့်အလမ်းအသစ်တွေကို ယူဆောင်ပေးလေ့ရှိပါတယ်၊ အခုနောက်ပိုင်း စိုက်ပျိုးရေးလို ကဏ္ဏတွေမှာလည်း ဒီဂျစ်တယ်စနစ်ကို သုံးစွဲလာပြီဖြစ်တယ်” လို့ Huawei ရဲ့ Rotating CEO ဖြစ်သူ Guo Ping ကပြောပါတယ်။ ဒီနှစ်အခမ်းအနားကို လက်ခံကျင်းပတဲ့ မလေးရှားနိုင်ငံအနေနဲ့လည်း ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲရေးအတွက် ဘတ်ဂျက်တွေ အတိုင်းအတာတစ်ခုအထိ သုံးစွဲတာ အသေးစားနဲ့အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေကို ထောက်ပံ့တာ မျိုးတွေကို ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးချုပ် ကပြောပါတယ်။

Digital Economy ဆိုတဲ့စကားလုံးဟာ နိုင်ငံအသီးသီးမှာ အရမ်းပေါ်ပြူလာဖြစ်လာတဲ့ ခေါင်းစဉ်ဖြစ်ကြောင်း တရုတ်နိုင်ငံမှာဆိုရင်လည်း အဲဒါကိုအလေးပေး ဆောင်ရွက်နေတာကြောင့် နိုင်ငံရဲ့အသားတင် အကျိုးမြတ်ဝင်ငွေတွေ တိုးလာကြောင်း Huawei ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Dr.Amy Lin ကပြောပါတယ်။ “ဒီဂျစ်တယ်စီးပွားရေးက တရုတ်နိုင်ငံမှာဆိုရင် အလုပ်အကိုင်ပေါင်း ၂.၈ သန်းကို ဖန်တီးပေးနေပါတယ်” လို့ သူကပြောပါတယ်။ နိုင်ငံအသီးသီးအတွက် စီးပွားရေးကဏ္ဏတွေမှာ ဒစ်ဂျစ်တယ်စွမ်းအားတွေနဲ့ မောင်းနှင်နိုင်ဖို့ ဒီအခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

-ထွန်းထွန်း