Huawei ၏ စတုတ္ထအကြိမ်မြောက် “Sky Seeds for the Future” ပညာသင်ဆုအစီအစဥ် အွန်လိုင်းမှစတင်

နှစ်စဉ်ကျင်းပနေကျ Huawei Seeds for the Future ကို ယခုနှစ်မှာ “Sky Seeds for the Future” အမည်နဲ့ စတုတ္ထအကြိမ်မြောက် အဖြစ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်များမှ ထူးချွန်သူ မြန်မာကျောင်းသား ၃၈ ဦးကို ရွေးချယ်ကာ စက်တင်ဘာလ ၂၁ ရက် မှ ၂၅ ရက်အထိ ၅ ရက်တိုင် သင်ကြားပို့ချ လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။

Huawei ရဲ့ ၅ ရက်တာကာလ ကြာမြင့်မယ့် အွန်လိုင်း ပရိုဂရမ်မှာ မတက်မနေရ အတန်းတွေအတွက် ၆.၅ နာရီ၊ တိုက်ရိုက်ထုတ်လွှင့်ချိန် ၆.၅ နာရီနဲ့ တရုတ်ယဉ်ကျေးမှုများထဲမှ နှစ်သက်ရာကို ကိုယ်တိုင် ရွေးချယ်လေ့လာနိုင်မယ့် ထပ်တိုး အတန်းချိန် ၁ နာရီတို့ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။
ရွေးချယ်ခံ ကျောင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ အနာဂတ်လုပ်ငန်းခွင် တိုးတက်မှုတွေအတွက် အရေးကြီးတဲ့ အိုင်စီတီ ဗဟုသုတတွေကို ပိုမို သဘောပေါက် နားလည်နိုင်စေမယ့် 5G, AI ( လူလုပ်အသိဉာဏ်)၊ Cloud Computing စတဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို လေ့လာသင်ယူကြရမှာဖြစ်ပြီး ပရိုဂရမ် ပြီးဆုံးပြီးနောက် စက်တင်ဘာ ၂၅ ရက်မှာ ကျောင်းသားတွေအတွက် ဆုချီးမြှင့်ပေးအပ်မယ့် အခမ်းအနားကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Huawei Myanmar ရဲ့ CEO ဖြစ်သူ Mr. Ding Zhaoyi က “အရင်နှစ်နဲ့ မတူတာကတော့ COVID-19 က ကျွန်တော်တို့ရဲ့ လူနေမှုဘဝတွေအပေါ်မှာ တော်တော်သက်ရောက်မှု ရှိခဲ့ပါတယ်။ ပိုပြီး လုံခြုံစိတ်ချရအောင်လို့ ဒီနှစ်မှာ ‘Seeds for The Future’ အစီအစဉ်ကို အွန်လိုင်းပေါ်ကပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အရင်နှစ်ထက်ပိုပြီး ကြိုးစားမှုတွေ၊ အားထုတ်မှုတွေနဲ့ ဂရုတစိုက် စီစဉ်ထားတာဖြစ်လို့ ပိုပြီး ကောင်းမွန်မယ်လို့ မျှော်လင့်မိပါတယ်။ အခု ‘Seeds for The Future 2020’ ဟာဆိုရင် ICT အရည်အသွေးမြှင့်တင်တဲ့ ခေါင်းစဉ်အောက်မှာ ဖြစ်ပြီး ၂၀၁၇ ခုနစ်ကတည်းက အောင်အောင်မြင်မြင် ကျင်းပလာတာဖြစ်တဲ့အတွက် ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူ (၆၈) ယောက်ကို မွေးထုတ်ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင်တော့ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ (၃၈) ယောက်ကို ရွေးချယ်ထားပါတယ်။ COVID-19 ကပ်ရောဂါဆိုးကြီး ရှိနေပေမဲ့လည်း စတုတ္ထအကြိမ်မြောက် ‘Seeds For The Future’ အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်း ဒီနှစ်မှာလည်း ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««