Huawei မှ AI အထောက်အကူပြု နည်းပညာဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် အကူအညီပေးလျက်ရှိ

COVID-19 တိုက်ဖျက်ရေး အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ Huawei မှ မြန်မာကျပ်ငွေေ ၇၂,၇၄၈,၅၆၂ တန်ဖိုးရှိ artificial intelligence (AI) ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်နဲ့ စမတ်ဖုန်းတွေကို မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးလျက် ရှိတယ်လို့သိရပါတယ်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း မြေပြင်ဆက်သွယ်မှု ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းပြီး ချိတ်ဆက်မှုတွေကို သေချာစေဖို့နဲ့ ဆန်းသစ်တဲ့ နည်းပညာများ၊ အရေးတကြီး လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်တို့ အတွက် Huawei အနေနဲ့ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“HUAWEI CLOUD ဟာ တရုတ်နိုင်ငံက မိတ်ဖက်တွေနဲ့ လက်တွဲပြီး ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် Cloud, AI စတဲ့ ဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးပြုနေခဲ့ပြီး AI နည်းပညာသုံး CT scan ရောဂါဆန်းစစ်မှု၊ အွန်လိုင်းပညာရေးနဲ့ တယ်လီကွန်းနည်းပညာပိုင်းတွေမှာ အတွေ့အကြုံ ကြွယ်ဝနေပါပြီ။ အခုဆိုရင် ဒီ အကြပ်အတည်းတွင်းက စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့အတွက် မြန်မာပြည်သူတွေကို ကျွန်တော်တို့က နည်းပညာပံ့ပိုးမှုနဲ့ အကောင်းဆုံး အားထုတ် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီ solution တွေဟာ ကျန်းမာရေး ပညာရှင်တွေနဲ့ ဆေးရုံတွေမှာ လုပ်ကိုင်နေတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လုပ်သားတွေ အတွက် အဝေးရောက် ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နိုင်ဖို့၊ ရောဂါဆန်းစစ်မှုနဲ့ ကုသမှုဆိုင်ရာ ထိရောက်မှုတွေကို တိုးမြှင့်နိုင်ဖို့နဲ့ အစိုးရနဲ့ ဆေးရုံတွေကြား အချိန်နဲ့ တစ်ပြေးညီ အဆက်မပြတ် ဆက်သွယ်မှုတွေ ပြုလုပ်နိုင်စေဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ Huawei Myanmar ရဲ့ CEO Mr. Ding Zhaoyi က ပြောပါတယ်။

မြန်မာနိုင်ငံမှာ Huawei ရဲ့ ဆက်သွယ်ရေးဆေးပညာဆိုင်ရာ online conference စနစ်ကို COVID-19 ရောဂါပိုးရှိသူ လူနာ ဦးရေ ၂,၀၀၀ အထိ လက်ခံကုသပေးနိုင်ရန် ပြင်ဆင်ထားတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) နဲ့ ရန်ကုန်ဆေးတက္ကသိုလ် (၁) တို့မှာ တပ်ဆင်ထားပြီး အစိုးရနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆေးဝါးကျွမ်းကျင် ပညာရှင်တွေကို ကပ်ရောဂါကာကွယ်ခြင်း၊ နိုင်ငံအနှံ့ရှိဌာနများ၊ လူအများ တစ်ပြိုင်နက် ပူးပေါင်းချိတ်ဆက်ကာ အွန်လိုင်းတွင်ဆွေးနွေးခြင်းနဲ့ နိုင်ငံတစ်ဝှမ်းမှ ဆေးရုံ၊ ဆေးတက္ကသိုလ်တွေ အပြန်အလှန်ချိတ်ဆက်ကာ ဆေးပညာရှင်များအချင်းချင်း ဆွေးနွေး၊ သင်ကြားခြင်းတွေ ပြုလုပ်စေနိုင်ဖို့ အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။

-သန္တာ