Huawei မှ အာဆီယံ အကယ်ဒမီကို မိတ်ဆက်

ဒေသတွင်း ဒီဂျစ်တယ်အရည်အချင်း မြှင့်တင်ပေးရန် ဖန်တီးထားတဲ့ သင်ကြားမှု စနစ်နဲ့ Huawei အာဆီယံအကယ်ဒမီကို Malaysia မှာ မိတ်ဆက်ခဲ့ပါတယ်။

လာမယ့် ငါးနှစ်တာအတွင်း ကျွမ်းကျင်သူ ၅၀,၀၀၀ ကို လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ထားတယ်လို့ Huawei က ကတိကဝတ်ပြုခဲ့ပါတယ်။ ဒီဂျစ်တယ်အရည်အချင်းမြှင့်တင်ပေးဖို့အတွက် အဆိုပါ အကယ်ဒမီက ကျွမ်းကျင်တဲ့ သင်ကြားသူ ၁၀၀ နဲ့ICT သင်တန်းအရေအတွက်ပေါင်း ၃,၀၀၀ ကျော် ပေးသွားမည်လို့ သိရပါတယ်။

“မလေးရှားနိုင်ငံက Huawei အာဆီယံအကယ်ဒမီဟာ အာရှပစိဖိတ်ဒေသမှာ ပထမဦးဆုံး ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်မယ့် ICT တိုးတက်မှုမှာ အာရှပစိဖိတ်ဒေသဟာ အဓိကနေရာက အရေးပါပါတယ်။ ဒေသခံ အရည်အချင်းရှိသူတွေအနေနဲ့ အစဉ်ပြောင်းလဲနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အခင်းအကျင်းကို အမီလိုက်နိုင်မယ့် သင့်တင့်တဲ့ ICT ဗဟုသုတတွေကို ကောင်းကောင်း ပိုင်ဆိုင်ထားတာ သေချာတဲ့ အထိ လေ့ကျင့်ပျိုးထောင်ပေးဖို့ဟာ အရင်ထက် ပိုပြီး အရေးကြီးလာပါတယ်။ ဆက်သွယ်ရေးနှင့် Multimedia ဝန်ကြီးဌာန (KKMM) နဲ့ Huawei တို့ဟာ Huawei Technologies စတင် တည်ထောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက ICT ကဏ္ဍမှာ ရေရှည်လက်တွဲလုပ်ဆောင်လာခဲ့တာ ဖြစ်ပြီး အနာဂတ်မှာလည်း ဒီဂျစ်တယ်စီးပွားရေးကို လမ်းကြောင်းမှန်ကန်စွာ ပဲ့ကိုင်မောင်းနှင်သွားဖို့အတွက် ပူးပေါင်းဆောင်ရွက်တွေ ပိုမို ရှိလာစေဖို့ မျှော်လင့်ပါတယ် “လို့ မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် Multimedia ဝန်ကြီးဌာန ဝန်ကြီး YB Dato Saifuddin Abdullah က ပြောပါတယ်။

အကယ်ဒမီရဲ့ ICT လေ့ကျင့်သင်ကြားရေး အစီအစဉ်များနဲ့ သင်တန်းတွေကို အစိုးရဌာနဝန်ထမ်းများ၊ လုပ်ငန်းခွင်တွင် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်နေကြသူများတွေနဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် ဦးတည်သင်ကြားပေးရန် ရည်ရွယ်ထားပြီး နိုင်ငံရဲ့ ICT ဂေဟစနစ် ဖွံ့ဖြိုးရေးအတွက် ဘက်စုံလမ်းကြောင်းစုံဖြင့် ချဉ်းကပ်သင်ကြားသွားမယ်လို့ သိရပါတယ်။ ယင်းတွင် အခြေအနေအလိုက် လက်တွေ့သင်ကြားမှုများ၊ အွန်လိုင်း တိုက်ရိုက်သင်ကြားမှုများ၊ ပြည်ပ လေ့လာရေးခရီးစဉ်များ စတဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ ကြွယ်ဝစုံလင်သော ပညာရေး နည်းလမ်းများကို အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ Enterprise လုပ်ငန်းတွေရဲ့ လက်ရှိ အရည်အချင်းလိုအပ်မှုတွေနဲ့ ထိရောက်ကိုက်ညီတဲ့ ဖြေရှင်းမှုနည်းလမ်း (solutions) များ ဖြစ်စေရန်အတွက် အရည်အချင်းအမျိုးမျိုး၊ အဆင့်အမျိုးမျိုးအတွက် ရှုထောင့်စုံလင်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေကို ပေးသွားမယ်လို့ သိရပါတယ်။

“ပုံမှန်အနေအထားအသစ်(New Normal)တစ်ရပ် ဖြစ်လာတဲ့ social distancing ကို ကူးပြောင်းကျင့်သုံးလာတဲ့ အခါမှာ အင်အားကောင်းတဲ့ ဒီဂျစ်တယ်ကွန်ရက်နဲ့ အခြေခံအဆောက်အအုံတွေ ရှိဖို့ဟာ ခါတိုင်းထက် သိသိသာသာ ပိုမိုအရေးကြီးလာပါတယ်။ အင်အားကောင်းတဲ့ ဒီဂျစ်တယ်ကွန်ရက်နဲ့ အခြေခံအဆောက်အအုံအတွက် ကျောရိုးဟာ နိုင်ငံသားတွေအတွက် အဲဒီ ဝန်ဆောင်မှုတွေ ပေးနေတဲ့ သူတွေဆီမှာ မှီခိုနေပါတယ်။ အာဆီယံအကယ်ဒမီက ပံ့ပိုးပေးမယ့် သင်ကြားရေးတွေ၊ အစီအစဉ်တွေဟာ ဒေသခံ အရည်အချင်းရှိသူတွေကို အနာဂတ်အတွက် အဆင်သင့်ဖြစ်စေဖို့နဲ့ နိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်တင်ရေးမှာ ပါဝင်ကူညီနိုင်စေဖို့ လေ့ကျင့်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်”လို့ Huawei Malaysia ရဲ့ CEO ဖြစ်သူ Micheal Yuan က ပြောပါတယ်။

လုပ်ငန်းခွင်လိုအပ်ချက်များပေါ် အခြေခံပြီး အကယ်ဒမီက နိုင်ငံရဲ့ အရည်အချင်းဆိုင်ရာ ပင်မမဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ ICT လုပ်ငန်းခွင် လမ်းကြောင်းဆိုင်ရာ လမ်းညွှန်ခြင်း၊ ဂေဟစနစ် အရည်အချင်းရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ ကျွမ်းကျင်မှုများ တိုးတက်စေခြင်းဆိုင်ရာ ကိစ္စရပ်များ အတွင်းမှ ပြဿနာရပ်များကို ဖြေရှင်းပေးမယ်လို့ သိရပါတယ်။ အကယ်ဒမီသည် ကျွမ်းကျင်မှုနှင့် အရည်အချင်းဖွံ့ဖြိုးရေးအတွက် နည်းပညာကို အဓိက အသုံးပြုပြီး နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ဖန်တီးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတွင် ဦးဆောင်လျက်ရှိတဲ့ ICT ဖြေရှင်းမှု နည်းလမ်း ပုံ့ပိုးသူ Huawei က လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမည့် ပွင့်လင်း၍ ပူးပေါင်းဆောင်ရွက်သော၊ မျှဝေသော ICT အရည်အချင်းဆိုင်ရာ ဂေဟစနစ်တစ်ခုကို မြှင့်တင်ဖော်ဆောင်လျက် ရှိပြီး Huawei အာဆီယံအကယ်ဒမီက ဒေသခံ ICT အရည်အချင်းမြှင့်တင်ရေးနှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် Huawei ၏ ခရီးစဉ်တွင် နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုပင် ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ