HTC ရဲ့ စမတ်ဖုန်းလုပ်ငန်းကို ဝယ်ယူရန် Google ဆွေးနွေးနေ

Google ဟာ HTC ရဲ့ မိုဘိုင်းဌာနကို ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထိုင်ဝမ်သတင်းစာ Commercial Times က ဖော်ပြခဲ့ပါတယ်။

HTC ဟာ Google ရဲ့ Pixel ဖုန်းတွေကို ထုတ်လုပ်ခဲ့ဖူးပြီး ကုမ္ပဏီအနေနဲ့ ဌာနတစ်ခုလုံးကို ဝယ်ယူဖို့ဆွေးနွေးရာမှာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဝယ်ယူမှုကြောင့် Google အနေနဲ့ အသစ်ထွက်မယ့် Pixel ဟန်းဆက်ကို တည်ဆောက်နိုင်စေမှာဖြစ်ပြီး HTC အနေနဲ့လည်း Vive VR headset လိုမျိုး အောင်မြင်မှုရရှိနေတဲ့နယ်ပယ်တွေမှာ ပိုမိုအာရုံစိုက် ဆောင်ရွက်နိုင်စေမှာ ဖြစ်ပါတယ်။

သတင်းတွေရဲ့အဆိုအရ သဘောတူညီမှုကို ဒီနှစ်ကုန်ပိုင်းမှာ ကြေညာဖွယ်ရှိတယ်လို့ သိရပါတယ်။

Google ဟာ ၂၀၁၂ ခုနှစ်က Motorola ကို ဒေါ်လာ ၁၂.၅ ဘီလျံနဲ့ ဝယ်ယူခဲ့ပေမယ့် နှစ်နှစ်အကြာမှာ Motorola ကို Lenovo ထံ ဒေါ်လာ ၃ ဘီလျံဝန်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။

-နောင်နောင်
Ref: DailyMail