HP Elite Dragonfly

ဈေးနှုန်း – ကန်ဒေါ်လာ ၂၁၆၉

အားသာချက်

ဆွဲဆောင်မှုအပြည့်ရှိသလို ပေါ့ပါးပါးလွှာတဲ့ ဒီဇိုင်း၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေအပြင် အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်စနစ်၊ ပြည့်ဝတဲ့ စွမ်းဆောင်ရည်၊ တောက်ပကောင်းမွန်တဲ့ Display နဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

အလုံးစုံကောင်းမွန်တဲ့ Laptop တစ်လုံးဖြစ်ပေမယ့် အသံပိုင်း ဒီထက်ပိုကောင်းရင်တော့ ပြီးပြည့်စုံတဲ့ Laptop တစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

HP Elite Dragonfly မှာ Intel vPro နည်းပညာထောက်ပံ့ပါဝင်တဲ့ 8th Gen processor ကို အသုံးပြုထားသလို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ တောက်ပတဲ့ display နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ပရော်ဖက်ရှင်နယ်သုံး၊ လုပ်ငန်းသုံးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို သွားလေရာသယ်ဆောင်သွားနိုင်မယ့် သူတွေအတွက်လည်း ပေါ့ပါးမှုရှိပြီး လုံခြုံရေးဆိုင်ရာစနစ်နဲ့ ဆင်းမ်ကတ်ထည့်သွင်း အသုံးပြုနိုင်တာတွေက အထူးနှစ်သက်စရာကောင်းပါတယ်။ ထိပ်တန်းအရည်အသွေးရှိတဲ့ စပီကာကို ထည့်သွင်း အသုံးပြုထားတဲ့အတွက် အသံထွက်ပိုင်း ကျယ်လောင်မှုရှိပေမယ့် ဘေ့စ်သံပိုင်းက အနည်းငယ် ပျံ့နှံ့မှုရှိတာက ပေးရတဲ့တန်ဖိုးနဲ့ ဆိုရင်တော့ ဒီထက်ပိုကောင်းသင့်တယ်လို့ မြင်ပါတယ်။ မိမိအနေနဲ့ ဈေးက အဓိကမကျဘူး စွယ်စုံသုံးနိုင်တဲ့ 2-in-1 အမျိုးအစား Ultrabook ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီဇိုင်းလှပသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ HP Elite Dragonfly က ထိပ်တန်းရွေးချယ်စရာ Laptop တစ်လုံးလို့ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 အထိ ထောက်ပံ့နိုင်တဲ့ touch panel အမျိုးအစား ဖြစ်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.6GHz ရှိတဲ့ Intel Core i7-8665U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD 620 Graphic ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB M.2 PCIe SSD ကို အသုံးပြုထားပါတယ်။ IR ကင်မရာအမျိုးအစား Webcam ကို တပ်ဆင်ထားတာဖြစ်ပြီး ၂.၅x၄.၃ လက်မအရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်တဲ့အပြင် touchpad ကို numpad အနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Wi-Fi 6 (Gig+), 802.11ax 2×2 ၊ လက်ဗွေလုံခြုံရေေစနစ်၊ USB Type C ပေါက်၊ HDMI ပေါက်၊ Thunderbolt 3 ပေါက်၊ USB 3.1 ပေါက်၊ nanoSIM ပေါက်နဲ့ နားကြပ်ပေါက်တွေပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၂ နာရီနဲ့ ၂၅ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၁၉ ကီလိုဂရမ် (၂.၆ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com