Hidden Through Time

အခု တစ်ပတ်မှာ Platform စုံနဲ့ကစားနိုင်မယ့် Online ဆန်ဆန်ဂိမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပဟေဠိ ရှာဖွေဖြေရှင်းတဲ့ ဂိမ်းမျိုးဖြစ်ပါတယ်။ ကစားပုံက ဂိမ်းကိုအမည်ပေးထားတဲ့အတိုင်း ပျောက်ဆုံးနေတဲ့ အရာလေးတွေကိုလိုက်ရှာရမယ်၊ ထူးခြားချက်ကတော့ အချိန်ကာလတစ်ခုတည်းမဟုတ်ဘဲ ရောနှောနေခြင်းပါ။ ဂိမ်းရဲ့ပတ်ဝန်းကျင်က မြို့တွင်း၊ တောတွင်း နေရာစုံပါပဲ။ ဒါပေမဲ့ အချိန် ကာလတစ်ခုတည်း မဟုတ်လို့ ရှေးကျတဲ့ ဒိုင်နိုဆောတွေရှိတဲ့ ခေတ်ကိုလည်း ရောက်သွားနိုင်သလို မီးရထားတွေ စတင်ပေါ်ထွက်ရာ နည်းပညာခေတ်ဦးကနေ ဒီနေ့ခေတ်ပုံစံ စည်ကားတိုးတက်နေတဲ့ မြို့ပြခေတ်အထိ ပါရှိပါတယ်။

ဂိမ်းရဲ့ အဆင့်တစ်ဆင့်တိုင်းမှာ ပျောက်ဆုံးအရာဘယ် နှစ်ခုကို အနည်းဆုံး ရှာဖွေနိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပြီး အဆိုပါ ပျောက်ဆုံးပစ္စည်းတွေကို အမြန်ဆုံး ရှာဖွေရမှာပါ။ သဲလွန်စ တောင်းဆိုစရာမလိုဘဲ အဆင့် တစ်ဆင့်ရဲ့ အစတိုင်းမှာ သဲလွန်စ ချပေးပါလိမ့်မယ်။ ပစ္စည်းရှာဖွေရ ပိုလွယ်စေတဲ့ အချက်ပါပဲ။ ဇာတ်ကောင်လေးတွေ သေးငယ်သလို ရှာဖွေရမယ့် ပစ္စည်းတွေသေးငယ်တဲ့ အချက်ကပဲ အာရုံစိုက်ရမှု ပိုနေစေပါတယ်။ အချိန်သတ်မှတ်ချက်နဲ့ကစားလို့လဲ ရသလိုအချိန် ကန့်သတ်ချက်မပါဘဲ လဲကစားနိုင်ပါတယ်။ အချိန်နဲ့ကစားရတာက ပိုပြီးစိတ်ဝင်စားဖို့တော့ ကောင်းပါလိမ့်မယ်။

အဆင့်တစ်ဆင့် အောင်မြင်ဖို့ကတော့ သတ်မှတ်ပျောက်ဆုံး ပစ္စည်းပြည့်စုံအောင် ရှာနိုင်မှဖြစ်ပါလိမ့်မယ်။ ဂိမ်းရဲ့စနစ်မှာတော့ အဆင့်ပေါင်း ၂၀ လောက်ထိအောင် ထည့်သွင်းဖန်တီးထားလို့ မူရင်းဂိမ်းကို အနိုင်ရဖို့တင် အချိန် ၂၅ နာရီ လောက် လိုပါတယ်။ ဒါပေမဲ့ဂိမ်းမှာ Feature အသစ်တစ်ခု ထည့်ထားပါသေးတယ်။ အဲဒါကတော့ ဂိမ်းကစားသူတွေအနေနဲ့ စိတ်ကြိုက် Level တစ်ခု ဖန်တီးနိုင်ခြင်းပါ။ ပြီးရင် Online လုပ်ပြီး Sever မှာ လာသိမ်းနိုင်တယ်။ တခြားသူတွေ အနေနဲ့အဆိုပါ Level ကို Down ပြီး ကစားနိုင်ခြင်းပါ။ ဒီတော့ Upload လုပ်သူများရင် များသလို Level ပေါင်းများစွာ Down ပြီး ကစားနိုင်သလို ကိုယ်တိုင်လည်း ကစားရတာပျင်းနေရင် စိတ်ကြိုက် Level တစ်ခုဖန်တီးနိုင်ပါတယ်။

မိမိ ဖန်တီးတဲ့ ဂိမ်းရဲ့ Level ကို တခြားကစားသူတွေက Rate လုပ်နိုင်သေးလို့ မှတ်ချက်ကောင်းကောင်းရရင် ပျော်ရပါလိမ့်ဦးမယ်။ ဒီလိုဂိမ်းကစားရုံတင်မဟုတ်ဘဲ Level တွေဖန်တီး၊ Upload လုပ်နိုင်ဖို့ အဆင့်မြင့် ကွန်ပျူတာတွေ မလိုအပ်ပါဘူး၊ PS4, Xbox One, Switch တွေနဲ့ ကစားနိုင်တယ်၊ iOS အပါအဝင် PC နဲ့လည်းရတယ်၊ Android စနစ်သုံးဖုန်းနဲ့လည်း ကစားနိုင်တယ်၊ Online ဂိမ်းစစ်စစ် မဟုတ်ပေမယ့် မိမိရဲ့ဖန်တီးမှုကို Upload လုပ်နိုင်သေးလို့သဘောကျကြပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်ကောင်လေးတွေက သေးငယ်လို့ ဖုန်းနဲ့ကစားရင်တော့ အာရုံစိုက်ရပါလိမ့်မယ်။ ဖန်တီးမှုလုပ်ချိန်မှာတော့ Zoom နိုင်လို့ အဆင်ပြေပါတယ်။

ပတ်ဝန်းကျင်ရှုပ်ထွေးအောင် ဖန်တီးနိုင်လေလေ အာရုံများရလေလေဖြစ်ပြီး သင့်အနေနဲ့ အရင်ဆုံးဂိမ်းရဲ့အထာကိုသိရအောင် အဆင့် ၁၀ လောက်အထိ အနိုင်ရဖို့ ကြိုးစားကြည့်သင့်ပါတယ်။ ပြီးမှ ကိုယ်တိုင်ဖန်တီးမှုလုပ်၊ Upload တင်၊ Rateတွေ ပြန်ဖတ်ပြီး ပိုကောင်းတဲ့ Level တွေ ဖန်တီးပါ။ ပြီးတော့ ဂိမ်းကစားသူတွေရဲ့ရမှတ်တွေကိုလည်း Online မှာ ကြည့်နိုင်သေးလို့ ဘယ်သူက ဆရာပိုကျတယ် သိနိုင်ပါသေးတယ်။ ကစားရုံသက်သက်တင်မဟုတ်ဘဲ Level တစ်ခုထိအောင် ပါ၀င်ဖန်တီးနိုင်မယ့် ဂိမ်းဖြစ်လို့ Android ဖုန်းတစ်လုံးရှိရုံနဲ့ စမ်းကစားကြည့်ဖို့ ပြောချင်ပါတယ်။