Harley-Davidson လျှပ်စစ်ဆိုင်ကယ်ကို ၂၀၁၉ တွင် ရောင်းချမည်

အမေရိကန် မော်တော်ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson ဟာ အင်ဂျင်သံကျယ်လောင်တဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး လူသိများပါတယ်။ Harley-Davidson အနေနဲ့ နောက် ၁၈ လအတွင်း ကုမ္ပဏီရဲ့ ပထမဆုံးလျှပ်စစ်ဆိုင်ကယ်ကို ဖြန့်ချိဖို့ စီစဉ်နေပါတယ်။

လျှပ်စစ်မော်တော်ဆိုင်ကယ်တွေရဲ့ အင်ဂျင်တွေကတော့ ကျယ်လောင်တဲ့အသံကို ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ Harley အနေနဲ့ လျှပ်စစ်ဆိုင်ကယ် ရှေ့ပြေးပုံစံကို ၂၀၁၄ ခုနှစ်က ထုတ်ဖော်မိတ်ဆက်ခဲ့ပေမယ့် ဈေးကွက်ထဲဖြန့်ချိမယ့်အချိန်ကို မပြောခဲ့ပါဘူး။

ဒီသတင်းဟာ ဇန်န၀ါရီ ၃၀ ရက်ကထုတ်ပြန်ခဲ့တဲ့ Harley-Davidson ရဲ့ နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ Harley-Davidson ဟာ မစ်ဇူရီပြည်နယ် ကန်းဆတ်စီးတီးက စက်ရုံကို ပိတ်သိမ်းဖို့ စီစဉ်ထားပါတယ်။ အဲဒီစက်ရုံမှာ ဝန်ထမ်းဦးရေ ၈၀၀ ရှိပါတယ်။ အဲ့ဒီစက်ရုံမှာ ထုတ်လုပ်တဲ့ ဆိုင်ကယ်တွေကို အခုအခါ အလုပ်နေရာ ၄၅၀ ထပ်မံထည့်သွင်းမယ့် ပင်ဆယ်ဗေးနီးယားပြည်နယ်က ယော့ခ်မြို့မှာ တပ်ဆင်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ဟာ Harley-Davidson အတွက် ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မော်တော်ဆိုင်ကယ်ရောင်းအားက ၆.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အမေရိကန်နိုင်ငံမှာတော့ ဆိုင်ကယ်ရောင်းအား ၈.၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

မော်တော်ဆိုင်ကယ်ဈေးကွက်မှာ startup ကုမ္ပဏီများစွာရှိလာသလို ကုမ္ပဏီအသစ်တွေကလည်း မော်တော်ဆိုင်ကယ် ဈေးကွက်ထဲဝင်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ လျှပ်စစ်မော်တော်ဆိုင်ကယ်တွေဟာ အသုံးပြုရလွယ်ကူပြီး အင်ဂျင်တွေမှာ ဂီယာစနစ်မလိုတာကြောင့် ဂီယာအပြောင်းအလဲပြုလုပ်ဖို့ သင်စရာမလိုတော့ပါဘူး။

လျှပ်စစ်မော်တော်ဆိုင်ကယ်တွေအတွက် စိန်ခေါ်မှုက ခရီးအကွာအဝေးဖြစ်တယ်လို့ CycleWorld မဂ္ဂဇင်း အယ်ဒီတာချုပ် မာ့ခ်ဟိုယာက ပြောပါတယ်။ လျှပ်စစ်မော်တော်ဆိုင်ကယ်အများစုရဲ့ ခရီးအကွာအဝေးက နေ့စဉ်သုံးအတွက် အလုံအလောက်ရှိပေမယ့် တစ်နိုင်ငံလုံးအနှံ့ ခရီးရှည်ထွက်ဖို့ မလုံလောက်ပါဘူး။
အခြား Harley-Davidson ဆိုင်ကယ်တွေလိုပဲ လျှပ်စစ်မော်တော်ဆိုင်ကယ်ဟာ ဇိမ်ခံပစ္စည်း ထုတ်ကုန်ဖြစ်ပါတယ်။ Harley-Davidson လျှပ်စစ်မော်တော်ဆိုင်ကယ်ရဲ့ ဈေးနှုန်းနဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။

စိုးထက်
Ref: CNNMoney