Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းအသစ်အတွက် ဆွေးနွေးခဲ့

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးဦးဆောင်တဲ့ ကော်မတီအဖွဲ့ဝင်များနဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး) နဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့ဟာ Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းအသစ် အတွက် အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားလွှတ်တော်ရဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါဆွေးနွေးမှုကို နိုဝင်ဘာ ၁၄ ရက်၊ နေ့လယ် ၁ နာရီကနေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာ ဆောင် အမှတ် (I-14) အစည်းအဝေးခန်းမမှာ တွေ့ဆုံပြုလုပ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ဆွေးနွေး အကြံပြုခဲ့တာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ပညာရေးမြှင့်တင်မှုကော်မတီက ပြုလုပ်ခဲ့တဲ့ “မိမိတို့ လူ့ဘောင်အဖွဲ့အစည်းနှင့် စီးပွားရေး၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော သင်ရိုးညွှန်းတမ်းများအားပြုစုခြင်း၊ သင်ကြားလေ့ကျင့်အကဲဖြတ်ခြင်း” စုံစမ်းလေ့လာမှုအစီရင်ခံစာရဲ့ အကြံပြုချက်တွေနဲ့ စပ်လျဉ်းပြီး လည်းကောင်း၊ Grade-4, Grade-7 နှင့် Grade-10 တို့ရဲ့ သင်ရိုးညွှန်းတမ်းအသစ် ဆောင်ရွက်နေမှု များကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ တွေ့ဆုံပွဲကို ကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေး၊ အတွင်းရေးမှူးဦးကျော်တုတ်၊ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ကျော်ဇေယျ