
Google Play Store အသုံးပြုရာမှာ ဖုန်းဘီလ်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်မယ့် ဝန်ဆောင်မှုကို Google နဲ့ အူရီဒူးမြန်မာတို့ ပူးပေါင်းဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။
ပူးပေါင်းဆောင်ရွက်မှု ပထမအဆင့်အနေဖြင့် Android ဖုန်းအသုံးပြုတဲ့ အူရီဒူး သုံးစွဲသူအားလုံး Google Play Store မှ ပရီမီယံ အက်ပလီကေးရှင်းတွေနဲ့ အက်ပလီကေးရှင်းအတွင်း ပရီမီယံဝယ်ယူမှုများအတွက် သြဂုတ် ၃၀ ရက်မှစတင်၍ အကြွေးဝယ်ကတ် (Credit Card) များအသုံးပြုစရာမလိုဘဲ အူရီဒူး ဖုန်းဘီလ်ဖြင့် အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ Google Play Store သို့ gmail ဖြင့်ဝင်ရောက်ပြီး လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်၍ မှတ်ပုံတင်ခြင်းပြုလုပ်ကာ ပေးချေရန်လမ်းကြောင်းကို အူရီဒူးသို့ ပြောင်းထားရန်သာ လိုအပ်မယ်လို့ သိရပါတယ်။
“ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ ပရီမီယံအက်ပလီကေးရှင်းတွေနဲ့ သူတို့ရဲ့ နှစ်ခြိုက်ရာ အက်ပလီကေးရှင်းတွေထဲက ဝယ်ယူမှုတွေကို ဝယ်ယူချင်တဲ့အခါမျိုးမှာ အကြွေးဝယ်ခွင့်ကတ် လိုအပ်တာကြောင့် တစ်ခါတစ်ရံ အခက်အခဲဖြစ်တာကို သတိပြုမိပါတယ်။ ယခုအခါမှာ အူရီဒူးသုံးစွဲသူတွေအားလုံး မိမိတို့ရဲ့အူရီဒူးဖုန်းဘီလ်ကိုအသုံးပြုပြီး အလွယ်တကူနဲ့ အဆင်ပြေချောမွေ့စွာ ဝယ်ယူအသုံးပြုနိုင်တော့မှာဖြစ်လို့ ဒီဂျစ်တယ်လူနေမှုဘဝကို ပျော်ရွှင်နှစ်ခြိုက်စွာ ခံစားလို့ရနေပါပြီ။
၎င်းဟာ တကယ့်ကို ပိုမိုအဆင်ပြေပြီး အသုံးပြုရလွယ်ကူတဲ့ ဝန်ဆောင်မှုပဲဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ဒီဝန်ဆောင်မှုကိုအသုံးပြုဖို့အတွက် အူရီဒူးကို ထပ်မံပြီး ဝန်ဆောင်ခ ပေးစရာမလိုဘဲ အခွင့်ထူးခံစားနိုင်မှာဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောပါတယ်။