Google Pixel 4 နဲ့ Pixel 4 XL ကိုအိန္ဒိယမှာ ဖြန့်ချိမှာ မဟုတ်

Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေကို နိုင်ငံရပ်ခြားဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ ဖြန့်ချိမှာ မဟုတ်ဘူးလို့ Google ကပြောခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ Pixel 4 ဖုန်းမှာ Project Soli နည်းပညာပါဝင်ပြီး 60GHz mmWave လှိုင်းကို အသုံးပြုဖို့ ရေဒါအခြေခံ လှုပ်ရှားမှုခြေရာခံ ချစ်ပ်ကို ထည့်သွင်းထားပါတယ်။ Google ဟာ ကြိမ်နှုန်းကို အသုံးပြုဖို့ အိန္ဒိယ အတွင်းက အာဏာပိုင်ဆီက ခွင့်ပြုချက် မရခဲ့ပါဘူး။ အဲဒီကြိမ်နှုန်းကို စီးပွားဖြစ် အသုံးပြုဖို့ အိန္ဒိယမှာ ခွင့်မပြုထားပါဘူး။ အမေရိကန်မှာတော့ Soli စီးပွားဖြစ်အသုံးပြုနိုင်ဖို့ ဒီနှစ်အစောပိုင်းမှာ FCC က ထောက်ခံချက်ပေးခဲ့ပါတယ်။

Pixel စမတ်ဖုန်းပေါ်က ရေဒါ sensor က လူသားနဲ့ အပြန်အလှန် ဆက်သွယ်ရာမှာ မြန်ဆန်စေတယ်လို့ ပွဲအတွင်း Google ထုတ်ကုန်စီမံခန့်ခွဲမှု ဒုဥက္ကဋ္ဌ ဆာဘရီနာအယ်လစ်ကပြောခဲ့ပါတယ်။ “အလွယ်ပြောရရင် Pixel 4 မှာ လုံခြုံမြန်ဆန်တဲ့ face unlock ပါဝင်ပြီး စမတ်ဖုန်းကို မကိုင်ခင်မှာတင် လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်ပေး ပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။

Google ဟာ ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ ဖုန်းမဖြန့်ချိတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ Google ဟာ Nexus နဲ့ Pixel စမတ်ဖုန်းတွေကို တစ်ကမ္ဘာလုံးဆီ မိတ်ဆက်ပြီး ရက်အနည်းငယ်အကြာမှာ အိန္ဒိယဆီ တင်ပို့ရောင်းချလေ့ရှိပါတယ်။

စိုးထက်
Ref: TechCrunch