Google Pixel 2 မိတ်ဆက်ပွဲကို အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်မည်

Google ဟာ Pixel နဲ့ Pixel XL ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်က မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း Google က အောက်တိုဘာ ၄ ရက်မှာ မျိုးဆက်သစ် Pixel ဖုန်းတွေကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Google က ဈေးကွက်ရှာဖွေရေးအစီအစဉ်နဲ့ ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ထားပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်အမည်က madeby.google.com ဖြစ်ပြီး “ask more” ဒိုမိန်းခွဲတစ်ခုနဲ့ အောက်တိုဘာလ ၄ ရက်မှာ ပြုလုပ်မယ့် ပွဲကိုရည်ညွှန်းထားပါတယ်။ ဒါ့အပြင် Google ဟာ မိတ်ဆက်ပွဲအတွက် ကြော်ငြာဘုတ်တွေထောင်ပြီး ဈေးကွက်ရှာဖွေရေးကို အကြီးအကျယ်လုပ်ဆောင်နေပါတယ်။

Google ရဲ့ “ask more” ညွှန်ကြားချက်တွေကြောင့် ပိုကောင်းတဲ့ Google Assistant ကို မိတ်ဆက်ဖို့ ရှိနေပါတယ်။ Google အနေနဲ့ အောက်တိုဘာ ၄ ရက်မှာ ပြုလုပ်မယ့်ပွဲအတွက် ဗီဒီယိုအတိုလေးကိုပဲ မိတ်ဆက်ပေးထားပါတယ်။ ပွဲမှာမိတ်ဆက်ဖွယ်ရှိတဲ့ Pixel 2 ကို HTC ကထုတ်လုပ်နိုင်သလို Pixel 2 XL ကို LG ထုတ်လုပ်ဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ Pixel 2 XL ကို LG က ဘေးဘောင်မဲ့ V30 စမတ်ဖုန်းအပေါ် အခြေပြုထုတ်လုပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Google ရဲ့ဗီဒီယိုအတိုလေးမှာ ဖုန်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေပဲ ဖော်ပြထားပြီး အောက်တိုဘာ ၄ ရက်မှာ ပြုလုပ်မယ့်ပွဲကို ရည်ညွှန်းထားပါတယ်။

စိုးထက်
Ref: TheVerge