Google Pixel 2 နဲ့ Pixel 2 XL ရဲ့အကောင်းဆုံးနဲ့ အဆိုးဆုံး feature များ

Google ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အများမျှော်လင့်နေတဲ့အတိုင်း Pixel 2 နဲ့ Pixel 2 XL ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဒီထုတ်ကုန်တွေဟာ Google ကဒီဇိုင်းထုတ်ထားတဲ့ ဒုတိယမြောက်မျိုးဆက် Android ဟန်းဆက်တွေဖြစ်လာပါတယ်။ Pixel 2 နဲ့ Pixel 2 XL တွေရဲ့ ဒီဇိုင်းဟာ ရှင်းလင်းပြီး ကျစ်လျစ်ပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲက အကောင်းဆုံး မိုဘိုင်းကင်မရာပါဝင်တဲ့ စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်တယ်လို့ Google က ထုတ်ပြန်ထားပါတယ်။
Pixel 2 စမတ်ဖုန်းကို ၆၄၉ ဒေါ်လာနဲ့ စတင်ဝယ်ယူနိုင်ပြီး 128GB Pixel 2 XL ကတော့ ၉၄၉ ဒေါ်လာ ကျသင့်နိုင်ပါတယ်။
အောက်မှာ Pixel 2 နဲ့ Pixel 2 XL တို့ရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အရည်အသွေး သုံးချက်စီ ဖော်ပြပေးသွားပါမယ်။

အကောင်းဆုံး feature (၃) ခု

Pixel 2 နဲ့ Pixel 2 XL မှာ တူညီတဲ့ အရည်အသွေးမြင့်ကင်မရာ ပါဝင်ပါတယ်

Pixel 2 ရဲ့ကင်မရာဟာ မနှစ်ကထွက်ရှိခဲ့တဲ့ Pixel ထက်အရည်အသွေး ပိုကောင်းပါတယ်။ Pixel 2 နဲ့ Pixel 2 XL မှာ မှန်ဘီလူးတစ်ခုသာ ပါဝင်တဲ့ setup ကိုအသုံးပြုထားပါတယ်။ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မော်ဒယ်အတိုင်းပဲ မှန်ဘီလူးတစ်ခုပဲ အသုံးပြုထားတာပါ။ ဒါပေမဲ့ iPhone 8 Plus နဲ့ iPhone X တို့လို dual-camera က feature တွေ အများကြီး ပါဝင်လာပါတယ်။ သုံးစွဲသူက Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေရဲ့ ကျောဘက်နဲ့ ရှေ့ဘက်ကင်မရာသုံးပြီး နောက်ခံကို blur လုပ်တဲ့ bokeh effect တွေကို ထည့်သွင်းနိုင်ပါတယ်။

Google Lens, AR Stickers နဲ့ Assistant Squeeze ပါဝင်လာပါတယ်

Google ကထုတ်လုပ်တဲ့ ဖုန်းတွေဟာ hardware ပိုင်းထက် software ပိုင်းမှာ ပိုကောင်းပါတယ်။ Google ဟာ Pixel 2 နဲ့ Pixel 2 XL မှာ စွမ်းဆောင်ရည်မြင့် artificial intelligence လုပ်ဆောင်ချက်တချို့ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် iPhone နဲ့ ARKit တို့ကို ယှဉ်ပြိုင်ဖို့အတွက် aumented reality feature တွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။ Samsung နဲ့ Bixby ထက်သာလွန်တဲ့ feature တွေလည်း ပါဝင်ပါတယ်။
Pixel စမတ်ဖုန်းသစ်မှာ အရာဝတ္ထု အမျိုးမျိုးကို ခြေရာခံပေးနိုင်တဲ့ tool တစ်ခုလည်း ပါဝင်လာပါတယ်။ Pixe 2 ဟာ အဲဒီ platform ကို အပြည့်အဝ ထောက်ပံ့ထားတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ အဲဒီ tool ကို စာအုပ်တွေ၊ ရုပ်ရှင်ပိုစတာတွေ၊ လုပ်ငန်းလိပ်စာကတ်နဲ့ အထင်ကရအဆောက်အုံစတဲ့ အရာတွေကို ခြေရာခံတဲ့နေရာမှာ အသုံးပြုနိုင်တယ်လို့ Google ကပြောခဲ့ပါတယ်။ Google ဟာ Apple ရဲ့ ARKit နဲ့အလားတူတဲ့ ARCore framework ကိုလည်း နေရာချခဲ့သလို AR sticker သစ်တချို့ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ နာမည်ကျော် တီဗီစီးရီး Stranger Things ဇာတ်ကောင်တွေရဲ့ ကာတွန်းဗားရှင်း ပုံရိပ်တွေကိုလည်း Pixel ဖုန်းသစ်တွေမှာ ထည့်သွင်းထားပါတယ်။
အခြား feature သစ်တစ်မျိုးက Google ရဲ့ Assistant squeeze လုပ်ဆောင်ချက်ပါ။ Pixel 2 ဖုန်းရဲ့ ဘေးဘက်ကို ခပ်ဖြည်းဖြည်း ညှစ်လိုက်ရင် Google ရဲ့ အသံအခြေပြု AI လုပ်ဆောင်ချက် activate လုပ်ပြီးသား ဖြစ်သွားပါတယ်။ အဲဒီ feature ဟာ Android ရဲ့အသုံးအဝင်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး software ဖြစ်လာဖို့ Google က မျှော်လင့်ထားပါတယ်။ Pixel 2 XL မှာတော့ Assistant ကို activate လုပ်ဖို့ ဘေးဘက်ကို ဖျစ်ညှစ်တဲ့အခါ လက်မကို သုံးစရာ မလိုပါဘူး။

Always-on display နဲ့ မိုက်ကရိုဖုန်း

လွန်ခဲ့တဲ့နှစ်အနည်းငယ်က Always-on display ဟာ ထူးခြားတဲ့ feature တစ်မျိုးပါ။ ဒါပေမဲ့ ဘက်ထရီသက်တမ်းအပေါ်သက်ရောက်မှု ကြီးမားတဲ့အတွက် သုံးစွဲသူတွေ မနှစ်သက်ကြပါဘူး။ အခုဆိုရင် AI ထောက်ပံ့မှုပါဝင်တဲ့ စမတ်ဖုန်းတွေမှာ Always-on display ပါဝင်လာပါတယ်။ Google အနေနဲ့ Pixel 2 ထုတ်ကုန်တွေမှာ always-on display ကို အလှည့်အပြောင်းတစ်ခုနဲ့ ထည့်သွင်းခဲ့ပါတယ်။
Pixel စမတ်ဖုန်းသစ်တွေရဲ့ ထိပ်ဘက်မှာ display သတိပေးချက်တွေနဲ့ အချိန်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် “Ok Google” voice command ကိုလည်း အသုံးပြုနိုင်ပါတယ်။ Pixel 2 ဟာ အနီးအနားက တေးဂီတကို နားထောင်နိုင်ပြီး သီချင်းတွေကို ဖော်ထုတ်ပြသပေးနိုင်ပါတယ်။
ဖုန်းသစ်တွေတိုင်းမှာ အားနည်းချက်တွေ ရှိသလို Pixel 2 မှာလည်း သိသာတဲ့ အားနည်းချက်တွေရှိပါတယ်။ Android ဖုန်း ဒါမှမဟုတ် iOS ကနေ Pixel 2 နဲ့ Pixel 2 XL ပြောင်းလဲ အသုံးပြုမယ့်သူတွေ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

အဆိုးဆုံး feature (၃) ခု

Pixel 2 နဲ့ Pixel 2 XL ကင်မရာပိုင်း တူညီပါတယ်

ဒေါ်လာ ၆၄၉ တန် Pixel 2 နဲ့ ဒေါ်လာ ၈၄၉ တန်ဖိုးရှိ Pixel XL ရဲ့ကင်မရာက တစ်သွေမတိမ်းတူညီသလို software နဲ့ hardware ပိုင်းအားလုံးလည်း တူပါတယ်။ မျက်နှာပြင်ကြီးမားသလို ဘက်ထရီပမာဏများပြားတဲ့ Pixel 2 XL ဟာ Pixel 2 ထက် ဒေါ်လာ ၂၀၀ ဈေးကြီးပါတယ်။ ဒါ့အပြင် ကွာခြားမှုက မျက်နှာပြင်နဲ့ ဘက်ထရီကြီးမားတာပါပဲ။ တကယ်လို့ သုံးစွဲသူက မျက်နှာပြင်ကြီးမားတဲ့ စမတ်ဖုန်းကို သဘောကျမယ်ဆိုရင် Pixel 2 XL ကိုဝယ်ယူသင့်ပါတယ်။

Pixel ဖုန်းတွေမှာ နားကြပ်ပေါက် မပါဝင်ပါ

Google ရဲ့ Pixel 2 နဲ့ Pixel 2 XL မှာ Apple နဲ့ Android ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Lenovo နဲ့ LeEco တို့လိုပဲ နားကြပ်ပေါက် မပါဝင်လာပါဘူး။ ဒါဟာ အငြင်းပွားဖွယ် လုပ်ဆောင်ချက်ပါ။ Apple က iPhone 7 နောက်ပိုင်းမော်ဒယ်တွေမှာလည်း Lightning port သုံးတာ တစ်နှစ်ကျော်ရှိသွားပါပြီ။ Pixel စမတ်ဖုန်း ဝယ်ယူမယ့်သူတွေအတွက် ထည့်သွင်း စဉ်းစားသင့်တာက ဖုန်းကိုအားသွင်းရင်း သီချင်းနားထောင်လို့ မရသလို ဈေးကြီးမယ့် USB-C နားကြပ်တွေ ဝယ်ယူဖို့ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။


Google ဟာ Pixel ဖုန်းသစ်တွေမှာ 3.5mm to USB-C နားကြပ် adapter ကို ဘူးထဲမှာ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ အဲဒီ adapter မတော်တဆ ပျောက်ဆုံးသွားလို့ ပြန်ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၂၀ ကျသင့်ပါတယ်။ Apple ရဲ့ 3.5mm to Lighting adapter ရောင်းဈေးထက် နှစ်ဆများပါတယ်။ ဒါ့အပြင် တစ်ချိန်တည်းမှာ သီချင်းနားထောင်နိုင်သလို ဖုန်းကို အားသွင်းနိုင်တဲ့ Moshi ကထုတ်တဲ့ third-party adapter ကိုလည်း Google က ဒေါ်လာ ၄၄.၉၅ နဲ့ရောင်းချပေးပါတယ်။ အဲဒီထုတ်ကုန်က Apple ရဲ့ Belkin ထုတ်ကုန်ထက် ၁၀ ဒေါ်လာကျော် ပိုများပါတယ်။

Pixel 2 XL မျက်နှာပြင်က Edge-to-Edge မဟုတ်ပါ

မျက်နှာပြင်ကြီးမားတဲ့ Pixel 2 XL စမတ်ဖုန်းဟာ Apple ရဲ့ iPhone X, Samsung ရဲ့ Galaxy S8 နဲ့ Note 8 တို့လောက် ဒီဇိုင်းပိုင်း မမြင့်မားပါဘူး။ အဲဒီဖုန်းလေးလုံးဟာ ကြီးမားပြီး OLED display တွေအသုံးပြုထားပါတယ်။ ဒါပေမဲ့ ကွာခြားချက်က Pixel 2 XL ရဲ့ အထက်၊ အောက်နဲ့ ဘေးဘက်မှာ ဘေးဘောင်တွေက ကြီးမားတာပါ။
Pixel စမတ်ဖုန်းသစ်တွေရဲ့ မျက်နှာပြင်က ထူးခြားတဲ့ ဆွဲဆောင်မှု မရှိပါဘူး။ iPhone X လိုမျိုး ထူးခြားမှု မရှိဘဲ ပုံစံနဲ့ software ဒီဇိုင်းက စိတ်ကျေနပ်မှုမရရှိနိုင်ပါဘူး။

စိုးထက်
Ref: TheVerge