Google Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းသစ်တွေရဲ့ ဓာတ်ပုံနဲ့ ဈေးနှုန်းများ ပေါက်ကြားထွက်ပေါ်လာ

အသစ်ထွက်ရှိမယ့် Google Pixel စမတ်ဖုန်းတွေရဲ့ ဓာတ်ပုံတွေဟာ Droid Life ကနေ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ စမတ်ဖုန်းသစ်နှစ်မျိုးထဲက အရွယ်ကြီးမားတဲ့ အမျိုးအစားကို Pixel 2 XL လို့ခေါ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ Pixel XL နေရာမှာ ဆက်ခံသွားမှာဖြစ်တယ်လို့ Droid Life က ဖော်ပြခဲ့ပါတယ်။ Pixel 2 XL ရဲ့တန်ဖိုးက 64GB အတွက် ၈၄၉ ဒေါ်လာနဲ့ 128GB အတွက် ၉၄၉ ဒေါ်လာ ဖြစ်တယ်လို့ ဆိုပါတယ်။ Pixel 2 XL ကို အနက်ရောင်၊ အဖြူနဲ့ အနက်စပ်ထားတဲ့အရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အရွယ်သေးငယ်တဲ့ အမျိုးအစားကိုတော့ Pixel 2 လို့ခေါ်ဆိုမှာဖြစ်ပြီး မူရင်း Pixel ရဲ့နေရာမှာ ဆက်ခံသွားမှာဖြစ်ပါတယ်။ 64GB Pixel 2 ရဲ့တန်ဖိုးက ၆၄၉ ဒေါ်လာဖြစ်ပြီး 128GB အတွက် ၇၄၉ ဒေါ်လာ ကျသင့်မယ်လို့ Droid Life က ဆိုပါတယ်။ ဒီစမတ်ဖုန်းသစ်ကို အဖြူရောင်၊ အနက်ရောင်နဲ့ အပြာနုရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိမှာဖြစ်ပါတယ်။

Google အနေနဲ့ ဒီစမတ်ဖုန်းသစ်တွေကို အောက်တိုဘာ ၄ ရက်မှာ ပွဲထုတ်မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။

Droid Life က ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတွေမှာ ဖုန်းရဲ့အရှေ့ဘက်ကို ပြသမထားတဲ့အတွက် ဒီစမတ်ဖုန်းသစ်တွေရဲ့ screen တွေက အရင် Pixel မော်ဒယ်တွေထက် ပိုသေးတဲ့ bezel တွေ ပါဝင်လာခြင်း ရှိ၊ မရှိ မသိရသေးပါဘူး။

-နောင်နောင်
Ref: BusinessInsider