Google Pixel ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Android 10

Google အနေနဲ့ Android 10 လို့အမည်ရတဲ့ Android မိုဘိုင်း mobile operating system အသစ်ကို Pixel စမတ်ဖုန်းတွေဆီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်း အခြားထုတ်ကုန်တွေဆီ မဖြန့်ချိခင်မှာ Google ရဲ့ ဖုန်းတွေဆီ ပထမဆုံးထွက်ရှိတဲ့ software ဖြစ်တယ်လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။

Android 10 မှာ dark mode နဲ့အဆင့်မြှင့်တင်ထားတဲ့ လုံခြုံရေး settings နဲ့ဖုန်းခေါ်ဆိုမှုတွေ၊ message တွေအတွက် home screen ပေါ်က “bubbles” သတိပေးချက် feature တို့ပါဝင်လာပါတယ်။ Live Caption tool ကတော့ အသံပိုင်းဆိုင်ရာအတွက် on-the-fly transcription တွေကို ဖန်တီးပေးပြီး Pixel ဖုန်းတွေမှာ ပထမဆုံး ပါဝင်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Google အနေနဲ့ Android 10 လို့အမည်ရတဲ့ မိုဘိုင်း operating system အသစ်နဲ့ အစဉ်အလာကို ချိုးဖျက်မယ်လို့ ပြောခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို Google အနေနဲ့ ဗားရှင်းအသစ် တစ်ခုအတွက် အက္ခရာအစဉ်အတိုင်း သရေစာမုန့်နာမည်တွေ ပေးလေ့ရှိပါတယ်။ ဥပမာအနေနဲ့ နောက်ဆုံး Android ဗားရှင်း ၃ ခု အမည်က Nougat, Oreo နဲ့ Pie တို့ဖြစ်ပါတယ်။ Android 10 ရဲ့နာမည်ပြောင်ကတော့ Android Q ဖြစ်ပါတယ်။

Pie လို့အမည်ရတဲ့ Android ဗားရှင်းကို Android ဖုန်း ၁၀.၄ ရာခိုင်နှုန်းပဲ အသုံးပြုကြပါသေးတယ်။ Pie မတိုင်ခင် ထွက်ရှိခဲ့တဲ့ ဗားရှင်း ၃ ခုကတော့ Andorid ဖုန်းတွေရဲ့ ၆၄.၄ ရာခိုင်နှုန်းမှာ အသုံးပြုကြပါတယ်။ Apple ရဲ့ iPhone တွေနဲ့ အခြားထုတ်ကုန် ၈၈ရာခိုင်နှုန်းမှာ iOS 12 ကိုအသုံးပြုနေကြပါတယ်။

Google အနေနဲ့ နှစ်စဉ်ကျင်းပနေကျ I/O developer ကွန်ဖရင့်ပြုလုပ်တဲ့ မေလမှာ operating system feature များစွာကို ပြသခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာတော့ မတ်လအတွင်း Android 10 beta ဗားရှင်းကို ပထမဆုံး ထုတ်ဖော်ပြသခဲ့ပါတယ်။

စိုးထက်
Ref: CNET