Google Photos မှာ အချင်းချင်း စကားပြောနိုင်မယ့် feature ထည့်သွင်း

Google ဟာ Google Photos မှာသုံးစွဲသူ အချင်းချင်း စကားပြောနိုင်မယ့် feature ကိုထည့်သွင်းလိုက်ပါတယ်။

Google Photos အတွင်း သုံးစွဲသူတွေအချင်းချင်း စကားပြောဆိုပြီး message ဓာတ်ပုံတွေကို တိုက်ရိုက်ပို့နိုင်မယ့် feature ကို ဖြန့်ချိလိုက်ပါတယ်။ သုံးစွဲသူတွေက အခြားသူတွေနဲ့ shared album တည်ဆောက်ဖို့ မလိုအပ်ဘဲ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အလွယ်တကူ ဝေမျှနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ feature ကို ရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူက ဓာတ်ပုံကိုရွေးချယ်ပြီး ဝေမျှဖို့ tap လုပ်ကာ Send in Google Photos ဆိုတာကို ရွေးချယ်နိုင်ပါတယ်။ သုံးစွဲသူက နာမည်၊ ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်နဲ့ သုံးစွဲသူ ရှာဖွေနိုင်သလို မကြာခဏ ဆက်သွယ်နေတဲ့ contact တွေရဲ့ icon ကိုလည်း tap လုပ်ပြီး ဓာတ်ပုံတွေ ဝေမျှနိုင်ပါတယ်။

ဓာတ်ပုံကို လက်ခံမယ့်သူက Google account ရှိဖို့လိုအပ်ပါတယ်။ စကားပြောဆိုဖို့ Google account ကို sign in ပြုလုပ်ထားရပါမယ်။ Google Photos သုံးစွဲသူတွေဟာ တစ်ဘီလျံအထိ ရှိလာတဲ့အတွက် account ရှိသူတွေနဲ့ စကားပြောဆိုနိုင်မှာ ဖြစ်ပါတယ်။သုံးစွဲသူက Google Photos မှာ “New group” ကိုရွေးချယ်ပြီး group chat ကို စတင်နိုင်ပါသေးတယ်။

သုံးစွဲသူက chat စတင်လိုက်တာနဲ့ Google Photos အတွင်းက “Sharing” tab ကိုပြန်သွားနိုင်ပါတယ်။ အဲဒီမှာ သုံးစွဲသူက တစ်ဦးချင်းစီ ဝေမျှထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မြင်နိုင်သလို မှတ်ချက်တွ၊ စကားပြောဆိုမှုနဲ့ like တွေကို မြင်တွေ့နိုင်ပါတယ်။ ဖုန်းပေါ်မှာ ဓာတ်ပုံတွေကို သိမ်းဆည်းနိုင်သလို စကားပြောဆိုမှုတွေ မပါဘဲ ဓာတ်ပုံတွေကို ကြည့်ရှုဖို့ “All Photos” ကို tap လုပ်ပေးရပါမယ်။

စိုးထက်
Ref: TechCrunch