Google Docs နဲ့ ယှဉ်ပြိုင်မယ့် Paper app ကို Dropbox ဖြန့်ချိ

Beta အနေနဲ့ ဖြန့်ချိပြီး တစ်နှစ်ကျော် အကြာမှာတော့ Paper app ကို account ရှိသူအားလုံး အသုံးပြုနိုင်ရန်အတွက် Dropbox က ဖြန့်ချိပေးလိုက်ပါတယ်။

Google Docs, Microsoft Word နဲ့ Zoho Writer ကို အသုံးပြုဖူးသူများကတော့ Paper နဲ့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သပ်ရပ်ပြီး အာရုံထွေပြားမှု မရှိစေဖို့အတွက် Dropbox ရဲ့ Paper မှာ သမားရိုးကျ toolbar interface ကို ဖယ်ရှားထားပါတယ်။

Paper app မှာ စာသားတွေ၊ table တွေ၊ ဓာတ်ပုံတွေအပြင် embed လုပ်နိုင်တဲ့ Web element တွေကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ဝေမျှထားသူတွေနဲ့လည်း document ကို ပူးတွဲအသုံးပြုနိုင်ပါတယ်။ သုံးစွဲသူတွေက အလုပ်နဲ့ ပတ်သက်တာတွေကို highlight လုပ်နိုင်သလို comment တွေလည်း ထည့်သွင်းနိုင်ပါတယ်။ အဖွဲ့ဝင်များရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် @mention လုပ်နိုင်သလို စကားပြောဆိုမှုတွေမှာလည်း sticker တွေကို ထည့်သွင်းနိုင်ပါတယ်။ လုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွားလို့ Present ခလုတ်ကို နှိပ်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို slide deck တစ်ခုနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။

Paper ကို Google Calendar နဲ့ sync လုပ်ပြီး အစည်းအဝေး မှတ်တမ်းတွေကိုလည်း ဝေမျှနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ document တွေကို offline အသုံးပြုနိုင်ဖို့အတွက် Paper ရဲ့ iOS နဲ့ Android app တွေမှာ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

Dropbox ရဲ့ Paper ကို စမ်းသပ်သုံးစွဲလိုသူများအနေနဲ့ ဒီစာမျက်နှာမှာ သွားရောက် အသုံးပြုနိုင်ပါတယ်။