Google Assistant နဲ့ပြုလုပ်နိုင်မယ့် လူသိနည်းသော အချက် (၈) ချက်

Google Assistant ဟာ တစ်ဖြည်းဖြည်း ပိုကောင်းလာပါတယ်။ Feature သစ်တွေကလည်း အမြဲတမ်းထွက်ပေါ်နေတာကြောင့် အခုဆိုရင် Google Assistant ကို ရှာဖွေဖို့သက်သက်ထက်ပိုပြီး အသုံးပြုနိုင်နေပါပြီ။ ဒါကြောင့် လူသိနည်းပြီး အသုံးတည့်စေမယ့် Google Assistant လုပ်ဆောင်ချက် (၈) မျိုးကို ဖော်ပြလိုက်ပါတယ်။

အိမ်သုံး စမတ်ထုတ်ကုန်များ ထိန်းချုပ်ခြင်

အိမ်သုံး စမတ်ထုတ်ကုန်တွေကို ထိန်းချုပ်အသုံးပြုဖို့အတွက် Google Home မလိုဘဲ စမတ်ဖုန်းပေါ်က Google Assistant ကိုသုံးရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ Google Assistant ဟာ Nest, Philips Hue, Belkin နဲ့ အခြားတို့ရဲ့ စမတ်အိမ်သုံးထုတ်ကုန်တွေနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ အလင်းရောင်၊ အလိုအလျောက်အပူထိန်းကိရိယာနဲ့ အခြားထုတ်ကုန်တွေကို ဖုန်းကနေ အသံနဲ့ထိန်းချုပ်စေခိုင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Google Chromecast နဲ့သုံးနိုင်မယ့်အထောက်အပံ့ကို မကြာခင်က ဖြန့်ချိပေးထားတာကြောင့် Assistant ကိုသုံးပြီး YouTube, Netflix, Spotify စတာတွေရဲ့ content တွေကို ဖုန်းကနေ ဖွင့်ပေးနိုင်ပါတယ်။ တူညီတဲ့ WiFi ကွန်ရက်ပေါ်ကနေ သုံးမယ်ဆိုရင် ကိုယ့်ရဲ့ TV ဆီမှာ တိုက်ရိုက်လွှဲပေးနိုင်ပါတယ်။ TV show တစ်ခုရဲ့ ခေါင်းစဉ်ကို တောင်းဆိုရုံနဲ့ Chromecast က ချက်ချင်းဖွင့်ပေးမှာဖြစ်ပါတယ်။ Pause, play, volume, skip စတာတွေကိုလည်း စေခိုင်းနိုင်ပါတယ်။

Quick Settings အဖွင့်အပိတ် လုပ်နိုင်ခြင်း

Google Assistant ဟာ screen ကို lock လုပ်ထားတဲ့အချိန်မှာတောင်မှ ဘယ် app ကိုမဆို ရှာဖွေသိရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ Assistant ကိုသုံးပြီး app တွေကို ဖွင့်နိုင်သလို hardware settings ကိုလည်း အဖွင့်အပိတ် လုပ်နိုင်ပါတယ်။ “OK Google, open [app name]” လို့ပြောပြီး app draw ကိုသွားစရာမလိုဘဲ app တွေကို ဖွင့်နိုင်ပါတယ်။ Bluetooth, WiFi လို hardware toggle တွေအတွက်လည်း “OK Googke, turn off my WiFi” လို့ ပြောရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီ feature ကို Bluetooth, WiFi, location, NFC, mute, Flight mode နဲ့ ဖုန်းရဲ့ flashlight အတွက် သုံးနိုင်ပါတယ်။

Offline နဲ့ သုံးနိုင်ခြင်း

Google Assistant ရဲ့ feature အများစုဟာ အင်တာနက်ချိတ်ဆက်မှု လိုအပ်ပေမယ့်လည်း ပြက္ခဒိန်မှာ event တွေထည့်တာ၊ alarm တွေကို စီမံခန့်ခွဲတာနဲ့ သီချင်းဖွင့်တာတွေကို ဒေတာမလိုဘဲ ပြုလုပ်နိုင်ပါတယ်။ ဖုန်း offline ဖြစ်နေတဲ့အချိန်မှာ app နဲ့ချိတ်ဆက်ထားတဲ့ စေခိုင်းမှုအများစုက အလုပ်မလုပ်ပေမယ့် ဖုန်း hardware ရဲ့ voice command တွေက အလုပ်လုပ်ပါတယ်။ Offline ဖြစ်နေတဲ့အခါ အလုပ်လုပ်တဲ့ feature တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

– နာမည်ကိုပြောပြီး app တစ်ခု ဖွင့်ခြင်း
– သီချင်းဖွင့်ခြင်း
– ပြက္ခဒိန်တွင် event တစ်ခု ထည့်ခြင်း
– ဆက်သွယ်မှုများထံ ဖုန်းခေါ်ဆိုမှုနဲ့ စာတိုပေးပို့မှု ပြုလုပ်ခြင်း
– Alarm အသစ်သတ်မှတ်ခြင်း၊ ဖျက်သိမ်းခြင်း
– WiFi, Bluetooth, Airplane mode, flashlight အဖွင့်အပိတ်လုပ်ခြင်း
– ဖုန်းအသံ အတိုးအကျယ် ချိန်ညှိခြင်း
– Screen အလင်း အတိုးအလျှော့လုပ်ခြင်း

နောက်ဆက်တွဲမေးခွန်းများ မေးမြန်းခြင်း

Google Assistant နဲ့ တစ်စုံတစ်ရာအကြောင်း စကားစမြည်ပြောဆိုတဲ့အခါ Assistant က ပြောဆိုနေတဲ့အကြောင်းကို မှတ်သားထားပါတယ်။ ဥပမာအနေနဲ့ ရုပ်ရှင်ပြသချိန်နဲ့ပတ်သက်ပြီး ရှာဖွေတဲ့အခါမှာ အနီးအနားက ပြည်တွင်းစားသောက်ဆိုင်တစ်ခုကိုပါ ရှာဖွေပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် “OK Google, find Italian restaurants near me” လို့ပြောလိုက်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ အီတလီစားသောက်ဆိုင်တွေကို ဖော်ပြပေးပါမယ်။ အဲ့ဒီအခါ “which ones are open now” လို့ မေးလိုက်ရင် ဆိုင်ဖွင့်ချိန်တွေနဲ့အတူ result တွေကို ချုံ့ပြီး ဖော်ပြပေးပါလိမ့်မယ်။ “Give me directions to the closest one” လို့ မေးတဲ့အခါမှာလည်း လက်ရှိမှာ ဖွင့်နေဆဲဖြစ်တဲ့ အနီးဆုံး အီတလီစားသောက်ဆိုင်ရဲ့ မြေပုံတစ်ခုကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ App ကို ပိတ်ပြီး ပြန်ဖွင့်ရင်တောင်မှာ Google က ကိုယ်မေးထားတဲ့ အကြောင်းအရာတွေကို မှတ်မိပါလိမ့်မယ်။

WhatsApp message များ ပေးပို့ခြင်း

ဒီနေ့ခေတ်မှာ ခေတ်မီဆန်းပြားတဲ့ messaging app တွေအများအပြားရှိပြီး အများစုက Google Assistant နဲ့ အလုပ်လုပ်ပါတယ်။ “OK Google, send a Whatsapp message to [contact]” လို့ ပြောရုံနဲ့ message ရေးသားပေးပို့နိုင်ပါတယ်။ ဒါဟာ hands-free သုံးလိုတဲ့အခါ အလွန်အသုံးတည့်စေမယ့် feature တစ်ခု ဖြစ်ပါတယ်။

Google Assistant ကို WhatsApp အပြင် Hangouts, Allo, Viber, BlackBerry Messenger တို့လို messaging service တွေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Third party SMS application အများအပြားမှာလည်း အထောက်အပံ့ပေးထားပါတယ်။

မနက်ခင်းသတင်းများ ဖတ်ပေးခြင်း

မနက်စာစားနေရင်း သတင်းတွေကို ဖတ်ရှုလိုတဲ့အခါမှာ “Play the news” လို့ပြောရုံနဲ့ Google Assistant က သတင်းတွေကို ဖတ်ပေးမှာဖြစ်ပါတယ်။ CNN, ABC နဲ့ USA Today အပါအဝင် အမေရိကန်သတင်းဌာနအများအပြားပါဝင်ပေမယ့် အင်္ဂလိပ်ဘာသာစကားပြောတဲ့ အခြားနိုင်ငံတွေက သတင်းဌာနတွေကတော့ အကန့်အသတ်နဲ့သာပါဝင်ပါတယ်။ ပြင်သစ်၊ ဂျာမန်နဲ့ ဂျပန်သတင်းရင်းမြစ်အချို့ကိုလည်း ထောက်ပံ့ပေးထားပေမယ့် အကန့်အသတ်ရှိပါတယ်။

“Send me daily …”

မနက်ခင်းသတင်းတွေအပြင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို သိရှိဖို့အတွက် ပုံမှန် update တွေကိုလည်း လက်ခံရယူနိုင်ပါတယ်။ တကယ်လို့ Allo ကို သုံးတယ်ဆိုရင် Google Assistant က “send me daily” option ကနေ အချက်အလက်တွေကို ရယူနိုင်ပါတယ်။

ဓာတ်ပုံတွေကို ရှာဖွေခြင်း

သုံးစွဲသူက မကြာခဏ ခရီးသွားလာနေသူတစ်ယောက်ဖြစ်တယ်ဆိုရင် သိမ်းဆည်းထားတဲ့ ဓာတ်ပုံထောင်ပေါင်းများစွာထဲက ကိုယ်လိုချင်တဲ့ ဓာတ်ပုံကို ရှာဖွေတဲ့အခါမှာ အနည်းငယ် ကရိကထများနိုင်ပါတယ်။ ဒါပေမဲ့ Google Photo ရဲ့ smart algorithm တွေက ကိုယ့်ရဲ့ဓာတ်ပုံတွေကို အမျိုးအစားအလိုက် အလိုအလျောက် စီရီပေးထားသလို ဓာတ်ပုံရိုက်ကူးခဲ့တဲ့ တည်နေရာအလိုက် ဖွဲ့စည်းပေးထားပါတယ်။ Google Photos မှာ Google Assistant ပါဝင်တာကြောင့် ဒီအမျိုးအစားတွေကိုသုံးပြီး ဓာတ်ပုံတွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဥပမာ “show me pictures from London” ဒါမှမဟုတ် “find pictures of my Mom” လို့ပြောပြီး Google Photos ကနေ ဓာတ်ပုံတွေကို ရှာဖွေနိုင်ပါတယ်။

Google Assistant ဟာ ဓာတ်ပုံတွေကို ရှာဖွေရာမှာတင် အသုံးတည့်တာမဟုတ်ပါဘူး။ Email တွေမှာ သက်ဆိုင်ရာ အကြောင်းအရာ၊ လူပုဂ္ဂိုလ်နဲ့ ရက်စွဲတို့ကို ရှာဖွေရာမှာလည်း အလားတူ command တွေကို အသုံးပြုနိုင်ပါတယ်။

Ref: AndroidAuthority