Google app နဲ့ service တွေမပါဝင်တဲ့ Honor ရဲ့ပထမဆုံး 5G ဖုန်း

Honor ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း Honor View 30 Pro ကို live stream ကတစ်ဆင့် ကမ္ဘာတစ်ဝန်း မိတ်ဆက်လိုက်ပါတယ်။ Honor View 30 Pro ဖုန်းမှာ Kirin 990 5G chipset ထောက်ပံ့ထားပြီး မျက်နှာပြင် ၆.၇ လက်မ 1080p display နဲ့အတူ hole-punch selfie ကင်မရာနဲ့ ဘက်ထရီ 4,100mAh တို့ပါဝင်လာပါတယ်။

Honor အနေနဲ့ pop-up selfie ကင်မရာတပ်ထားတဲ့ 9X Pro ကို ယူရို ၂၄၉ နဲ့ ဥရောပဈေးကွက်တချို့မှာ ရောင်းချမယ်လို့ ကြေညာထားပါတယ်။ 9X Pro နဲ့ View 30 Pro တို့ဟာ တရုတ်နိုင်ငံပြင်ပမှာ ရောင်းချပြီး Google app နဲ့ service မပါဝင်တဲ့ ဖုန်းတွေဖြစ်လာပါတယ်။ Honor ဟာ Huawei ရဲ့လက်ခွဲကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အမေရိကန်က Huawei နဲ့အမေရိကန်ကုမ္ပဏီတွေ လက်တွဲဆောင်ရွက်ခွင့်ကို ပိတ်ပင်ထားတာကြောင့် Google app နဲ့ service တွေပါဝင်မှာ မဟုတ်ပါဘူး။

Honor View 30 Pro မှာ 5G ကွန်ရက်အသုံးပြုနိုင်ပြီး ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ ကင်မရာတွေကတော့ 40-megapixel f/1.6 ကင်မရာ၊ wide-angle ဗီဒီယိုအတွက် 12-megapixel f/2.2 နဲ့ 8-megapixel f/2.4 telephoto ကင်မရာအပြင် laser autofocus တို့ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 32-megapixel နဲ့ 8-megapixel ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ Honor အနေနဲ့ View 30 Pro ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကိုတော့ မထုတ်ပြန်ခဲ့ပေမယ့် ရုရှားမှာ မကြာမီ ရောင်းချမယ်လို့ ထုတ်ပြန်ထားပါတယ်။

Honor 9X Pro ဖုန်းမှာတော့ Kirin 810 ပရိုဆက်ဆာနဲ့ storage 256GB တို့ပါဝင်လာပါတယ်။ 9X Pro မှာ ကင်မရာ ၃ လုံး ပါဝင်ပြီး 48-megapixel f/1.8 အဓိကင်မရာ၊ 8-megapixel f/2.4 wide-angle ကင်မရာနဲ့ 2-megapixel f/2.4 depth ကင်မရာတို့ပါဝင်လာပါတယ်။ Honor ရဲ့ 9X ဖုန်းမှာ မျက်နှာပြင် ၆.၅၉ လက်မ 1080p display RAM 6GB နဲ့ ဘက်ထရီ 4,000mAh တို့ပါဝင်လာပါတယ်။

Honor ဟာ 9X နဲ့ 9X Pro အပြင် MagicBook 14 နဲ့ MagicBook 15 အမည်ရ laptop ၂ မျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ MagicBook 14 နဲ့ MagicBook 15 မှာ ပါဝါခလုတ်တွေကို လက်ဗွေ scanner အဖြစ် အသုံးပြုနိုင်ကာ keyboard ထဲမှာ keyboard ကိုထည့်သွင်းထားပါတယ်။ Laptop တွေမှာ AMD Ryzen 5 3500U ပရိုဆက်ဆာကို RAM 8GB နဲ့ SSD storage 256GB နဲ့တွဲဖက်ထားပါတယ်။

Laptop တွေရဲ့အပြင်ဘက်မှာ USB Type-A port တစ်စုံနဲ့ USB-C port တစ်ခု၊ နားကြပ်ပေါက်နဲ့ HDMI port တို့ပါဝင်လာပါတယ်။ Laptop တွေကို မတ်လအကုန်မှာ ယူရို ၅၉၉ နဲ့ရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge