Google Android 11 မှာ ဘယ်လို လုပ်ဆောင်ချက်တွေ ပါဝင်လာလဲ

Google ဟာ နောက်ဆုံးပေါ် Android 11 OS ကိုဖြန့်ချိလိုက်ပါတယ်။ Android 11 ဟာ အခြားဗားရှင်းတွေနဲ့ မတူတာက Pixel ဖုန်းတွေဆီ မကဘဲ OnePlus, Xiaomi, OPPO နဲ့ Realme ဖုန်းအပြင် လာမယ့်လအတွင်း ပူးပေါင်းထားသူများနဲ့ ထုတ်ကုန်သစ်တွေဆီ ဖြန့်ချိမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တချို့ ဖုန်းထုတ်လုပ်သူတွေက ကိုယ်ပိုင် Android 11 beta ဖြန့်ချိမှုကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ beta အားလုံးက ကိုယ်ပိုင် သီးသန့် UI နဲ့ဖြစ်ပြီး Android 11 နောက်ဆုံး build ကိုပဲ အခြေပြုထားတာလို့ Google ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။

အခု Android 11 ဖြန့်ချိမှုက Android အတွက် အပြောင်းအလဲဖြစ်ပါတယ်။ အရင်တုန်းက Android ဗားရှင်းအသစ်ကို update ပြုလုပ်ဖို့ ဆက်သွယ်ရေးနဲ့ ဖုန်းထုတ်လုပ်သူတွေကြောင့် လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ Android ဟာ ထုတ်ကုန် ထောင်ပေါင်းများစွာပေါ်မှာ မတူညီတဲ့ပုံစံနဲ့ လွှမ်းမိုးထားပြီး လစဉ်အသုံးပြုတဲ့ ထုတ်ကုန် ၂.၅ ဘီလျံကျော် ရှိပါတယ်။ Google က Android 11 နဲ့ထုတ်ကုန်များစွာအတွက် update စောလျင်စွာ ပေးနိုင်မယ့် အခြေအနေ ရှိလာပါပြီ။ Developer တွေအနေနဲ့ Android 11 beta ကို အသုံးပြုပြီး သုံးစွဲသူနဲ့ လုပ်ငန်းအတွက် app နဲ့ ဂိမ်းတွေ အဆင်သင့်ဖြစ်အောင် လုပ်ထားနိုင်ပါပြီ။

Android 11 ဟာ beta ထွက်ရှိမှုက မချောမွေ့ခဲ့ပါဘူး။ မနှစ်က beta ၆ ခု ထွက်ခဲ့ပြီး ဒီနှစ်မှာတော့ developer preview ၄ ခုနဲ့ beta ၃ ခု ထွက်ရှိခဲ့ပါတယ်။ Google ဟာ ဖေဖော်ဝါရီလအတွင်း Android 11 DP1, မတ်လအတွင်း Android 11 DP2 နဲ့ ဧပြီလမှာတော့ Android 11 DP3 ထွက်ခဲ့ပါတယ်။ Android 11 Beta 1 ဟာ မေလမှာ ထွက်ရှိဖို့ ရှိခဲ့ပေမယ့် Android 11 DP4 ပဲထွက်လာပါတယ်။ ဇွန်လမှာတော့ Beta 1 ထွက်လာပြီး ဇူလိုင်လမှာ Beta 2 နဲ့ ဩဂုတ်လမှာတော့ Beta 3 တို့ထွက်လာပါတယ်။ Beta 1 ဟာ Google I/O developer ကွန်ဖရင့်မှာ ပွဲထွက်လာဖို့ ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲမလုပ်ဖြစ်ပါဘူး။ Android 11: the Beta မိတ်ဆက်ပွဲကို အစားပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့ အင်အားသုံးမှုအပေါ် ဆန္ဒပြပွဲတွေ ရှိနေတာကြောင့် ဖျက်သိမ်းခဲ့ရပြန်ပါတယ်။

Android 11 လုပ်ဆောင်ချက်များ

Android 11 မှာ feature များစွာပါဝင်တဲ့အတွက် Google က အဓိက အရာ ၃ မျိုးဆိုပြီး People, Controls နဲ့ Privacy ဆိုပြီး ခွဲထားပါတယ်။ Android 11 မှာ 5G, screen အမျိုးအစားနဲ့ call screening ထောက်ပံ့မှုတို့ ပါဝင်လာပါတယ်။ ဒါ့အပြင် app နဲ့ ဂိမ်းတွေက မတူညီတဲ့ refresh rate အပေါ် လိုက်လျောညီထွေဖြစ်စေဖို့ frame rate API ပါဝင်လာပါတယ်။ ဒါ့အပြင် Google က machine learning အော်ပရေးရှင်းလည်ပတ်ဖို့ Neural Networks API ကိုထည့်သွင်းထားပါတယ်။

ဒါ့အပြင် Google က Apple နဲ့ ပူးပေါင်းဖန်တီးထားတဲ့ COVID-19 Expousre သတိပေးချက် API ကိုလည်း ထောက်ပံ့ထားပါတယ်။ ဇူလိုင်လ နောက်ပိုင်းမှာ Google က နိုင်ငံတွေအကြား ဆုံချက်တစ်ခုမှာ ဆက်သွယ်နိုင်မယ့် ထောက်ပံ့မှုကို COVD-19 ခြေရာခံစနစ်ထဲ ထည့်သွင်းလိုပါတယ်။ Android 11 app တွေက ထုတ်ကုန် တည်နေရာ setting ဖွင့်စရာမလိုဘဲ API ကိုအသုံးပြုနိုင်ပါတယ်။

Android 11 people လုပ်ဆောင်ချက်များ

Android 11 ဟာ လူတွေအပေါ် အလေးပေးတဲ့စနစ် ဖြစ်ပါတယ်။ Android 11 မှာ messaging လုပ်ဆောင်ချက်များစွာ ပါဝင်လာပါတယ်။ Conversation သတိပေးချက်ကတော့ အပေါ်ဘက်ခြမ်းမှာ ပေါ်လာပါမယ်။ အဲဒီမှာ စကားပြောဆိုမှုကို bubble အဖြစ်ဖွင့်တာ၊ home screen ပေါ်မှာ shortcut ဖန်တီးတာ ဒါမှမဟုတ် reminder ပြုလုပ်တာ လုပ်နိုင်ပါတယ်။

Bubbles ကတော့ အခြားလုပ်ငန်းစဉ် ဆောင်ရွက်နေချိန်မှာ စကားပြောဆိုမှုကို မြင်နိုင်အောင် ဖော်ပြပေးပါတယ်။

Voice Access ကတော့ ဖုန်းကို အသံနဲ့ ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Android 11 controls လုပ်ဆောင်ချက်များ

Android 11 ဟာ စမတ်ထုတ်ကုန်တွေကို အလွယ်တကူ ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်များစွာ ထည့်သွင်းလိုက်ပါတယ်။

Device Controls ကတော့ ချိတ်ဆက်ထားတဲ့ ထုတ်ကုန်တွေကို ထိန်းချုပ် အသုံးပြုနိုင်အောင် ကူညီပေးပါတယ်။ ပါဝါခလုတ်ကို အကြာကြီး ဖိနှိပ်ထားရင် controls ပေါ်လာပါမယ်။ App တွေကလည်း control အတွင်းက API အသစ်တွေကို အသုံးပြုနိုင်ပါမယ်။

Media Controls ကတော့ သီချင်းနားထောင်တာ ဒါမှမဟုတ် ဗီဒီယိုကြည့်တဲ့ ထုတ်ကုန်တွေကြား အပြောင်ငးအလဲ လုပ်နိုင်ပါတယ်။ နားကြပ်၊ စပီကာနဲ့ တီဗီကို ပြောင်းလို့ရပါတယ်။

Android 11 privacy လုပ်ဆောင်ချက်များ

Android 11 ဟာ permissions ပိုမို ထိန်းချုပ်နိုင်အောင် ပြုလုပ်ထားပြီး လုံခြုံရေး အသားပေးထားပါတယ်။

One-time permission ဆိုတဲ့ လုပ်ဆောင်ချက်ကတော့ app တစ်ခုက ထုတ်ကုန်ရဲ့ မိုက်ကရိုဖုန်း၊ ကင်မရာ ဒါမှမဟုတ် တည်နေရာကို တကြိမ်တည်း အသုံးပြုနိုင်အောင် လုပ်ထားပါတယ်။ နောက်တစ်ကြိမ် အသုံးပြုမယ်ဆိုရင်တော့ ခွင့်ပြုချက် တောင်းခံသွားပါမယ်။

Background location ကတော့ app ထဲမှာ နောက်ခံတည်နေရာကို မသမာတဲ့နည်းလမ်းနဲ့ အသုံးမပြုနိုင်အောင် တားဆီးထားတာပါ။ အခုလုပ်ဆောင်ချက်ကိုတော့ ၂၀၂၁ခုနှစ်မှပဲ စတင်ကျင့်သုံးနိုင်ပါတယ်။

Permissions auto-reset ကတော့ အချိန်ကာလတစ်ခု အတွင်း app ကိုမသုံးတဲ့အခါ ဆက်နွှယ်တဲ့ permission အားလုံးကို အလိုအလျောက် reset လုပ်သွားပါမယ်။

Scoped storage ဟာ ဖုန်းပြင်ပ storage သုံးစွဲသူ အချက်အလက်နဲ့ app ကိုကာကွယ်ဖို့ အဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

-စိုးထက်
Ref: VentureBeat

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««