Google နှင့် Microsoft ကို အိုင်တီစီးတီးသို့ လာရောက်ရန် လုပ်ဆောင်မည်

google_Micrisoft.jpg

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှဦးဆောင် အကောင်အထည် ဖော်ဆောင်နေသည့် အိုင်တီစီးတီး၌ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြသည့် Google နှင့် Microsoft ကို လာရောက်လုပ်ကိုင် ဆောင်ရွက်ရန် လုပ်ဆောင် သွားမည်ဟု သိရသည်။

“Google တို့လို၊ Microsoft တို့လို ကုမ္ပဏီကြီး လာရောက်ဖို့ အတွက်ရည်ရွယ် ထားပါတယ်။ သူတို့တွေ ဝင်လာအောင်လည်း ခေါ်သွားမှာပါ”ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးမျိုးမြင့်ထွန်းက ပြောသည်။ အိုင်တီစီးတီးကို နိုင်ငံတော် သမ္မတကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ရန်ကုန်အရှေ့ပိုင်း ခရိုင်နယ်မြေအတွင်း မြေနေရာ သတ်မှတ်ထားသည်ဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် မြေဧက ၃၀၀ ကို လက်ရှိအချိန်၌ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ လက်ခံထားကြောင်း၊ ပထမအဆင့်အနေဖြင့် အဆိုပါ မြေဧက ၃၀၀ ကို စတင် အကောင်အထည် ဖော်ဆောင်မည်ဖြစ်ပြီး ကျန်ရှိသည့် မြေဧက ၂၀၀ ကို တစ်ဆင့်ချင်း အနေဖြင့် အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အိုင်တီစီးတီးကို အကောင်အထည် ဖော်ဆောင်ရန် အကြံပေးအဖွဲ့ကို ငှားရမ်းသွားမည်ဖြစ်ပြီး အိုင်တီစီးတီးအတွက် Business Plan ကိုလည်း ဆက်လက်ရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။ အိုင်တီစီးတီးကို အကျိုးရှိစွာဖြင့် အောင်မြင်စွာ လည်ပတ်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က လုပ်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများကို ဖိတ်ခေါ်ရခြင်းမှာ လူငယ်များအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်း များစွာရရှိစေရန် ဖြစ်သည်ဟု သိရသည်။

-မြင့်ကျော်လှိုင်