Google မှရေးဆွဲထားသော ဒီဂျစ်တယ်ကျင့်ဝတ်ဆိုင်ရာ သင်တန်းများကို မြန်မာနိုင်ငံတစ်၀န်းရှိ ကျောင်းများတွင် သင်ကြားပို့ချမည်

မြန်မာနိုင်ငံတစ်၀န်းမှ ကျောင်းသား၊ ကျောင်းသူများ တာ၀န်သိဒီဂျစ်တယ်အသုံးပြုသူများ ဖြစ်လာစေဖို့ ပညာရေး၀န်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်မှုများအရ Ooredoo အနေနဲ့ Google မှ ရေးဆွဲထားတဲ့ ဒီဂျစ်တယ်ကျင့်၀တ်ဆိုင်ရာသင်တန်းများကို မြန်မာနိုင်ငံတစ်၀န်းရှိ ပညာရေးကောလိပ် ၂၅ ခုနဲ့ ဆရာအတတ်သင်ကျောင်း ၂၅ ကျောင်းတို့မှာ သင်ကြားပို့ချသွားမယ်လို့ သိရပါတယ်။

 

အဆိုပါ အစီအစဉ်ရဲ့ ပထမအဆင့်အနေနဲ့ ပညာရေးကောလိပ် ၂၅ ခုနဲ့ ဆရာအတတ်သင်ကျောင်း ၂၅ ကျောင်း ပါ၀င်မှာဖြစ်ပြီး မြန်မာနိုင်ငံတစ်၀န်းရှိ ဆရာ၊ ဆရာမဦးရေ ၃၀၀ ခန့်ကို သင်တန်းပို့ချပေးသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ၎င်းတို့အနေနဲ့ လူငယ်တွေကို လက်တွေ့ဘဝမှာသာမက အွန်လိုင်းပေါ်မှာပါ ကိုယ်ချင်းစာစိတ်နဲ့ တာဝန်ယူလိုစိတ်ရှိပြီး တစ်ဦးနဲ့တစ်ဦး အချင်းချင်း စာနာနားလည်စိတ်နဲ့ ကူညီနေထိုင်တတ်အောင် သင်ကြားပေးဖို့အပြင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ အပြန်အလှန်လေးစားမှုနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စကားဝိုင်းတွေကို မိမိတို့ရဲ့ အိမ်မှာရော၊ ကျောင်းမှာသာမက အခြားနေရာတွေမှာပါ ပြန်လည်ပြောဆို ဆွေးနွေးဝေမျှနိုင်ဖို့ ဦးဆောင်လမ်းညွှန်ပေးသွားမယ် ဆိုတာကို Google ရဲ့ Head of Industry for Technology and Telco ဖြစ်သူ Su Ann Lim က “မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ အင်တာနက်ကို ၂၄ နာရီ ၇ ရက်ပတ်လုံး အချိန်မရွေး အသုံးပြုလာနိုင်တဲ့ ဒီနေ့ခေတ်မှာ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ ပိုမိုတိုးပွားလာရေးဟာ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက် အရေးအပါဆုံး အချက်တစ်ချက် ဖြစ်လာပါတယ်။ လူငယ်တွေကို လက်တွေ့ဘဝမှာသာမက အွန်လိုင်းပေါ်မှာပါ ကိုယ်ချင်းစာစိတ်နဲ့ တာဝန်ယူလိုစိတ်ရှိပြီး တစ်ဦးနဲ့တစ်ဦး အချင်းချင်း စာနာနားလည်စိတ်နဲ့ ကူညီနေထိုင်တတ်အောင် သင်ကြားပေးဖို့က အလွန်အရေးကြီးလာပါတယ်။ အခု သင်တန်းအစီအစဉ်ဟာ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ နောက်ပြီး အပြန်အလှန်လေးစားမှုနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စကားဝိုင်းတွေကို မိမိတို့ရဲ့ အိမ်မှာရော၊ ကျောင်းမှာသာမက အခြားနေရာတွေမှာပါ ပြန်လည်ပြောဆို ဆွေးနွေးဝေမျှ ပေးသွားနိုင်ဖို့ ဦးဆောင်လမ်းညွှန် ပေးသွားနိုင်မယ်လို့ ကျွန်မတို့အနေနဲ့ မျှော်လင့်ပါတယ်” လို့ပြောပါတယ်။

အနာဂတ်မှာ နိုင်ငံသားတိုင်း ဒီဂျစ်တယ်လိုက်နာကျင့်သုံးသင့်တဲ့ ဒီဂျစ်တယ်ကျင့်၀တ်ကောင်းတွေ သိရှိနိုင်ဖို့အတွက် ဆိုတာကို Ooredoo မြန်မာရဲ့ အမှုဆောင်အရာရှချုပ်ဖြစ်သူ Mr. Rajeev Sethi က “ကျွန်တော်တို့အားလုံးက ဒီဂျစ်တယ်ကွန်ရက်ထဲမှာ နေထိုင်လျက်ရှိပြီး ဒီဂျစ်တယ် ဗဟုသုတတိုးပွားရေးဟာ အင်တာနက်ရဲ့ စွမ်းအားနဲ့ ဒီဂျစ်တယ်အကြောင်းအရာတွေကို အသုံးချနိုင်ဖို့အတွက် အဓိက သော့ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Google နဲ့ ပူးပေါင်းပြီး ကလေးငယ်တွေအနေနဲ့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျနဲ့ တာ၀န်သိသိ အသုံးပြုနိုင်ဖို့အတွက် တိုက်တွန်းတဲ့အနေနဲ့ သူတို့ရဲ့ ကျောင်းတွေမှာ ဒီဂျစ်တယ်ဗဟုသုတနဲ့ ပတ်သက်ပြီး သင်ကြားပေးတာဖြစ်ပါတယ်” လို့ဆိုပါတယ်။

အဆိုပါသင်တန်းတွေ ပို့ချသင်ကြားမယ့် ကောလိပ်နဲ့ ကျောင်းများအတွက် Ooredoo မှ အင်တာနက်ချိတ်ဆက်မှုနဲ့ Laptop စုစုပေါင်း အလုံး ၃၀၀ ကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး ယခုအစီအစဉ်မှာ မြန်မာနိင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အထောက်အကူဖြစ်စေရန်၊ နိုင်ငံတစ်၀န်းက လူငယ်တွေရဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုများ ပိုမိုမြင့်မားလာစေရန်နဲ့ အင်တာနက်အသုံးပြုရာမှာ တာ၀န်ယူမှုရှိရှိဖြင့် အသုံးပြုတတ်စေရန် အကူအညီဖြစ်စေမယ်လို့ Google နဲ့ Ooredoo ကမျှော်မှန်းထားတယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း