Gone with the Wind ရုပ်ရှင်ကို HBO Max ယာယီဖယ်ရှား

HBO Max ဟာ platform ပေါ်က Gone with the Wind ရုပ်ရှင်ကို ယာယီဖယ်ရှားလိုက်ပါတယ်။ ရုပ်ရှင်ရဲ့ ပြဿနာဆိုင်ရာ ကိစ္စနဲ့ပတ်သက်လို့ ဆက်လက် ဆွေးနွေးပြီး ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတာ အဖြေရှာမယ်လို့သိရပါတယ်။

၁၉၃၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Gone with the Wind ရုပ်ရှင်က အမေရိကန်တောင်ပိုင်းပြည်နယ်ရဲ့ ကျွန်ရောင်းဝယ်ရေး အပြုသဘောဆောင်တဲ့အမြင်ကို စိတ်ကူးယဉ်ဆန်အောင် ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ လူမည်းအမျိုးသမီးသရုပ်ဆောင် ဟက်တီမက်ဒန်နီရယ်က အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင် အကယ်ဒမီ (အော်စကာရရှီခဲ့တဲ့ ပထမဆုံး လူမည်းဖြစ်လာ) ရခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ အခြားသရုပ်ဆောင်တွေနဲ့ ပွဲကို မတက်ရောက်ခဲ့ရဘူး။ သူမဟာ သီးခြားသတ်မှတ်ထားတဲ့ ဟိုတယ်မှာပဲ ဆုကို လက်ခံခဲ့ရပါတယ်။

မော်ကွန်းတင်လောက်တဲ့ ဒရာမာကားက တောင်ပိုင်းက ဂုဏ်သရေရှိမျိုးနွယ်က ဆင်းသက်လာတဲ့ စကားလပ်အိုဟာရာနဲ့ ရတ်ဘတလာတို့ရဲ့ အမေရိကန်ပြည်တွင်းစစ်ကာလ အချစ်ဇာတ်လမ်းပါ။ ၁၉၃၆ ခုနှစ်က ထွက်ရှိထားတဲ့ ရောင်းအားအကောင်းဆုံး မာဂရက်မစ်ချယ်ဝတ္ထုကို အခြေခံထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်က အကယ်ဒမီဆု ၈ ခုအထိ ရရှိခဲ့ပါတယ်။ ဟက်တီမက်ဒန်နီရယ်က အိမ်တော်ထိန်း မာမီအဖြစ် သရုပ်ဆောင်ပိုင်းအတွက် အကယ်ဒမီရရှိခဲ့တာ ဖြစ်ပါတယ်။ Gone with the Wind ရုပ်ရှင်က မကြာခဏ ပြန်လည် ထွက်ရှိခဲ့တာကြောင့် ဝင်ငွေအများဆုံးရရှိတဲ့ ရုပ်ရှင်ဖြစ်လာပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဒေါ်နယ်ထရမ့်က Gone with the Wind ရုပ်ရှင်အကြောင်း ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် တောင်ကိုရီးယားရုပ်ရှင် Parasite ကိုဝေဖန်ခဲ့တယ်။ ပရိသတ်တွေအနေနဲ့ Gone With The Wind လိုမျိုး ဟောလိဝုဒ် ကလပ်စစ်ကားတွေ ပြန်လည်ရိုက်ကူးနိုင်ဖို့ နှိုးဆော်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီပြောကြားချက် လူမျိုးရေးခွဲခြားမှုအပေါ် ထောက်ခံတဲ့ အချက်ပြမှုဖြစ်သလို ရုပ်ရှင်သမိုင်းမှာ သက်ဆိုးရှည်နေတဲ့ ကိစ္စပါပဲ။

နယူးယောက်တိုင်းမ်ရဲ့ အယ်ဒီတာအာဘော်နဲ့ ကပ်လျက်ပါတဲ့ သဘောထားအမြင်စာမျက်နှာမှာ 12 Years A Slave ဇာတ်ညွှန်းရေးသားတဲ့ ဂျွန်ရိုင်လေက HBO Max အနေနဲ့ Gone with the Wind ရုပ်ရှင်ဖို့ ဖယ်ရှားဖို့ ‌စဉ်းစားသင့်တယ်လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ HBO Max က platform ကနေ ရုပ်ရှင်ကို ယာယီဖယ်ရှားလိုက်တာပါ။

-စိုးထက်
Ref: FastCompany