Galaxy ဖုန်းမှာ ကွန်ပျူတာဂိမ်းတွေ ကစားနိုင်မယ့် Samsung ရဲ့ PlayGalaxy Link

ဂိမ်းတွေကို ဈေးသက်သက်သာသာ ဒါမှမဟုတ် အခမဲ့ ကစားနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုဆိုရင် Samsung Galaxy ဖုန်းတွေပဲ အသုံးပြုနိုင်တဲ့ PlayGalaxy Link ဝန်ဆောင်မှုကို beta စမ်းသပ်မှု ပြုလုပ်နေပါပြီ။

Steam Link app ဒါမှမဟုတ် Parsec လိုမျိုး PlayGalaxy ကို Windows ကွန်ပျူတာပေါ်မှာ install ပြုလုပ်ပြီး ဖုန်းပေါ်မှာ app ကိုထည့်သွင်းရပါမယ်။ ပြီးရင်တော့ ဟန်းဆက်ပေါ်မှာ ဂိမ်းကို ကစားနိုင်ပါတယ်။ ဧပြီလက Samsung Galaxy S10, S10e, S10 Plus နဲ့ S10 5G အတွက် beta ဗားရှင်းကို ထောက်ပံ့ပေးလိုက်ပြီး အခုဆိုရင် Note 10 အတွက် ထောက်ပံ့ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ Galaxy Fold, S9, S9+, Note 9 နဲ့ Galaxy A90 တို့အတွက် ဒီဇင်ဘာလ အစောပိုင်းမှာ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် app store မှာ PlayGalaxy Link ကိုတွေ့နိုင်ပါတယ်။

PlayGalaxy Link ဟာဆယ်လူလာ အင်တာနက်လိုင်းနဲ့ အဆင်ပြေအောင် ချိန်ညှိထားတယ်လို့ Samsung က ပြောထားပါတယ်။ သုံးစွဲသူအနေနဲ့ ဂိမ်းဆိုင်ရာ အတွေ့အကြုံ အပြည့်အဝရဖို့ gamepad တချို့လည်း လိုလာနိုင်ပါတယ်။ Sony ရဲ့ DualShock 4 ကို Bluetooth နဲ့ချိတ်ဆက်ပြီး ကစားနိုင်သလို adapter တစ်ခုနဲ့ ဖုန်းကိုချိတ်ဆက်ကစားနိုင်ပါတယ်။

စိုးထက်
Ref: TheVerge