Full-Screen display ပါဝင်တဲ့ OnePlus 5T ဓာတ်ပုံများ ထွက်ပေါ်လာ

OnePlus ဟာ မကြာခင် ပွဲထုတ်မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရတဲ့ OnePlus 5T လို့ခေါ်တဲ့ စမတ်ဖုန်းသစ်တစ်မျိုးကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။ OnePlus 5T နဲ့ပတ်သက်ပြီး ကုမ္ပဏီက တရားဝင်အတည်ပြုပြောကြားခြင်း မရှိသေးပေမယ့် လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဒီဖုန်းရဲ့အကြောင်းကို အခိုင်အမာ ဖော်ပြထားပါတယ်။

မကြာသေးခင်က OnePlus 5T ရဲ့ render ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပေါက်ကြားခဲ့ပြီးနောက် အခုအခါမှာလည်း ဒီဇိုင်းနဲ့ full-screen display တို့ကိုပြသထားတဲ့ OnePlus 5T ရဲ့ ဓာတ်ပုံသစ်အချို့ဟာ ထပ်မံထွက်ပေါ်လာပါတယ်။

အဲ့ဒီ ဓာတ်ပုံတွေဟာ ကုမ္ပဏီဝက်ဘ်ဆိုက်ပေါ်က ဖုန်းရဲ့ landing page ကို screenshot ရယူထားတာဖြစ်ပါတယ်။ ဒါပေမဲ့ landing page ကိုတော့ လွှင့်တင်ထားခြင်း မရှိသေးပါဘူး

အဆိုပါဓာတ်ပုံတွေမှာ ဖုန်းရဲ့ဒီဇိုင်းကို ဖော်ပြထားပြီး Samsung Galaxy S8 နဲ့ ဆင်တူတာကိုတွေ့ရပါတယ်။ Landing page မှာတော့ “Larger Screen, Same Footprint” ဆိုတဲ့ tagline တစ်ခုကို ထည့်သွင်းထားပါတယ်။

OnePlus 5T မှာ ၆ လက်မ full-screen display နဲ့ 18:9 aspect ratio ပါဝင်လာပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ ပါးလွှာတဲ့ bezel နဲ့ လုံးဝန်းတဲ့ အနားစောင်းတွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ tagline ဖော်ပြချက်အရ ဖုန်းရဲ့အရွယ်အစားဟာ OnePlus 5 အတိုင်း ဆင်တူဖွယ်ရှိပါတယ်။

ဒါ့အပြင် ဒီစမတ်ဖုန်းသစ်မှာ OnePlus 5 အတိုင်း တူညီတဲ့ camera sensor တွေပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ကျောဘက် dual camera မှာ optical image stabilization ပါဝင်လာမယ်လို့ မျှော်လင့်ရပြီး အရှေ့ဘက်မှာတော့ 16-megapixel ကင်မရာပါဝင်လာဖွယ်ရှိပါတယ်။

ဖုန်းရဲ့ specification တွေကလည်း OnePlus 5 အတိုင်းတူညီပေမယ့် 3.5mm နားကြပ်ပေါက် ပါဝင်လာဖွယ်မရှိဘူးလို့ ဆိုပါတယ်။

ဖုန်းရဲ့ ဈေးနှုန်းအချက်အလက်တွေကို မသိရသေးပေမယ့် ယွမ် ၃,၀၀၀ (၄၅၂ ဒေါ်လာ) ကျသင့်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

-နောင်နောင်
Ref: GizmoChina