FOTA နည်းပညာ

FOTA ဆိုတာက စမတ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုလာတဲ့ အထူးလုပ်ဆောင်ချက် (special feature) တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ အရှည်ကတော့ Firmware Over-The-Air (FOTA) ပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က စမတ်ဖုန်းသုံးစွဲသူတွေ အနေနဲ့ မိမိ အသုံးပြုတဲ့ မိုဘိုင်းနက်ဝက်ခ်ပေါ်ကနေ တစ်ဆင့် ဖုန်းရဲ့ firmware ကို အလွယ်တကူ update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အဲဒီလိုမျိုး မိုဘိုင်းနက်ဝက်ခ်ပေါ်ကနေ ပြုလုပ်နိုင်တဲ့အတွက် ဖုန်းရဲ့ Hardware အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ ထိန်းချုပ်မှုစနစ်တွေကို ပိုမို ကောင်းမွန်စေနိုင်တဲ့အပြင် ဆန်းသစ်တဲ့ ပြောင်းလဲမှုတွေကိုလည်း ကွန်ပျူတာမှာ ကြိုးတွေချိတ်ပြီး လုပ်ဆောင်စရာ မလိုတော့ပါဘူး။ ဒါ့အပြင် Third-party ပရိုဂရမ်တွေကိုလည်း သီးခြားထည့်သွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

OTA (Over-The-Air) က သမားရိုးကျ အချက်အလက် ကူးပြောင်းတဲ့စနစ်တွေဖြစ်တဲ့ Data ကေဘယ်လ်ကြိုးနဲ့ ချိတ်ဆက်ကူးပြောင်းခြင်း၊ Local နက်ဝက်ခ်ချိတ်ဆက်မှုကနေ ကူးပြောင်းခြင်း စတဲ့ အချက်အလက် ကူးပြောင်းမှုနည်းလမ်းတွေနဲ့ မတူညီဘဲ ဆယ်လူလာနက်ဝက်ခ်လို့ခေါ်တဲ့ မိုဘိုင်းနက်ဝက်ခ်ပေါ်ကနေပဲ အချက်အလက်တွေကို ကြိုးမဲ့ကူးပြောင်းနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
တကယ်တော့ OTA ဆိုတာ က ဖုန်းကနေ ringtones ၊ ဓာတ်ပုံ၊ဆော့ဖ်ဝဲစတာတွေကို download လုပ်ခြင်း ဒါမှမဟုတ် upload လုပ်ခြင်းနဲ့ အလားသဏ္ဌာန်တူပါတယ်။ စမတ်ဖုန်းရဲ့ Firmware ကို update ပြုလုပ်ဖို့အတွက် အသုံးပြုတဲ့ download ပြုလုပ်ခြင်းနဲ့ upload ပြုလုပ်ခြင်းကို FOTA လို့ သုံးနှုန်းတာ ဖြစ်ပါတယ်။

-ရဲထွဋ်၀င်း