Fortnite ကုမ္ပဏီမှာ ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Sony

Sony ဟာ Epic Games မှာ ဒေါ်လာသန်း ၂၅၀ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သက်ဆိုင်ရာကုမ္ပဏီ၂ခုက ကြေညာခဲ့တယ်။

အခုသဘောတူညီချက်ကြောင့် Sony ဟာ Epic Games ရဲ့အစုရှယ်ယာ ၁.၄ ရာခိုင်နှုန်းကို ရရှိလာပါတယ်။ Epic Games တန်ဖိုးကတော့ ဒေါ်လာ ၁၇.၈၆ ဘီလျံရှိတယ်လို့ VentureBeat ကဖော်ပြခဲ့ပါတယ်။

Sony နဲ့ Epic Games ပူးပေါင်းမှုက Sony ရဲ့ဖျော်ဖြေရေးအပိုင်းနဲ့ နည်းပညာကို ပိုမိုကျယ်ပြန့်စေသလို Epic ရဲ့ လူမှုဘဝဖျော်ဖြေရေး platform နဲ့ ဒီဂျစ်တယ် ecosystem ကို သုံးစွဲသူအတွက် ထူးခြားတဲ့အတွေ့အကြုံအဖြစ် ဖန်တီးနိုင်ပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Sony နဲ့ Epic တို့က Fortnite ရဲ့ နာမည်ကျော် ထရာဗစ်စကော့ concert tour လိုမျိုး virtual အတွေ့အကြုံတွေ ပိုမိုဖန်တီးလိုတယ်။ “ဂိမ်း၊ ရုပ်ရှင်နဲ့ ဂီတပေါင်းစပ်မှုက အချိန်နဲ့တစ်ပြေးညီ 3D လူမှုအတွေ့အကြုံ မျှော်မှန်းချက်ကို ကျွန်တော်တို့ မြင်လိုပါတယ်” လို့ Epic စီအီးအိုနဲ့ တည်ထောင်သူ တင်မ်ဆွီနီကပြောခဲ့ပါတယ်။ Sony ရဲ့ Sony Pictures နဲ့ Sony Music တို့က Epic နည်းလမ်းကိုအသုံးပြုပြီး PlayStation ဌာနက ဂိမ်းတွေနဲ့ လက်တွဲလုပ်ကိုင်လာနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge