Final Fantasy XV Windows Edition ဂိမ်းအတွက် hard disk နေရာလွတ် 170GB ရှိရန် လိုအပ်မည်

Square Enix အနေနဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းအတွင်း Final Fantasy XV ဂိမ်း Windows Edition ကို ဖြန့်ချိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Final Fantasy XV ဂိမ်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက PS4 နဲ့ Xbox One တို့အတွက် ကနဦးဖြန့်ချိထားသလို Square Enix ဟာ Windows ဗားရှင်း Final Fantasy XV ဂိမ်းကို ပရိသတ် စောင့်ဆိုင်းရကျိုးနပ်အောင် Nvidia နဲ့ လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။

FFXV ဂိမ်းမှာ Nividia GameWorks နည်းပညာနဲ့ အဆင့်မြင့် PC feature တွေပါဝင်တယ်လို့ Square Enix က ထုတ်ပြန်ခဲ့ပါတယ်။ ဂိမ်းမှာ 4K ပင်ကိုယ် ရုပ်ထွက်အရည်အသွေးထောက်ပံ့ထားပေမယ့် တွဲဖက်အသုံးပြုနိုင်မယ့် display ရှိရင် 8K အထိ အထောက်အပံ့ပေးနိုင်ပါတယ်။ HDR10 ကိုလည်း ထောက်ပံ့ထားပါတယ်။

FFXV ဟာ 4K ရုပ်ထွက်အရည်အသွေးအပြင် 8K ရုပ်ထွက်အရည်အသွေး ထောက်ပံ့ပေးထားတာကြောင့် install ဖိုင်အရွယ်အစားက ကြီးမားပါတယ်။ ဂိမ်းရဲ့ ဖိုင်အရွယ်အစားက 170GB အထိရှိတယ်လို့ GearNuke ကဖော်ပြခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ PC မှာ SSD အဆင့်မြှင့်တင်မှုကို 512GB အထိ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် FFXV ဂိမ်းကစားမယ့်သူတွေအတွက် လိုအပ်တဲ့ spec တွေကတော့ RAM 16GB, Intel Core i7 3.4GHZ ဒါမှမဟုတ် Ryzen 7 1700 CPU နဲ့ GeForce GTX 1080Ti graphics card တစ်ခုတို့ ဖြစ်ပါတယ်။

FFXV ဟာ spec တောင်းဆိုမှုမြင့်မားတဲ့ ဂိမ်းအကြီးစားတစ်ခု ဖြစ်ပါတယ်။ ဂိမ်းဇာတ်ကောင်တွေရဲ့ ဆံပင်၊ ပတ်ဝန်းကျင်က အပင်နဲ့ အရာရာကို သဘာဝကျကျဖြစ်အောင် ပြုလုပ်ထားပြီး စောင့်ဆိုင်းရကျိုးနပ်အောင် ပြုလုပ်ထားတယ်လို့ Square Enix နဲ့ Nividia က ကတိပေးပြောကြားခဲ့ပါတယ်။

Final Fantasy XV Windows Edition ကို Steam, Oringin နဲ့ Windows Store မှာဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

စိုးထက်
Ref: PCMag