Fast Wireless Charging 2.0 နည်းပညာ

Fast Wireless Charging 2.0 ဆိုတာ Samsung ရဲ့ ကြိုးမဲ့အားသွင်းစနစ် အသစ်တစ်ခု ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် Wireless Charging နည်းပညာကို ယခုနောက်ပိုင်း ထွက်ရှိလာတဲ့ မိုဘိုင်းထုတ်ကုန်တွေမှာ တွင်ကျယ်စွာ ထည့်သွင်း အသုံးပြုလာပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ဆိုတာကတော့ ဝါယာကြိုးတွေနဲ့ ပလပ်ခေါင်း အသုံးပြုစရာမလိုဘဲ မိုဘိုင်းထုတ်ကုန်တွေရဲ့ ဘက်ထရီအားကို အလွယ်တကူ အားပြန်သွင်းနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ဒီနည်းပညာက ထုတ်ကုန်ပစ္စည်းတွေကို ဝါယာကြိုးတွေ ရှုပ်ထွေးမှုမရှိဘဲ အားသွင်းနိုင်တဲ့အပြင် လျှပ်စစ်အန္တရာယ်ကင်းစွာနဲ့ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

ဒီစနစ်ကအသုံးပြုထားတဲ့ မိုဘိုင်းထုတ်ကုန်ကို အားသွင်းစက်ပေါ်ကို တင်ထားလိုက်ရုံနဲ့ အလိုအလျောက် ဘက်ထရီကို အားသွင်းပေးမှာဖြစ်တဲ့အတွက် သွားလေရာ ယူဆောင်အသုံးပြုမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုးမဲ့အားသွင်းစနစ်တွေက အကန့်အသတ်တွေရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကြိုးမဲ့အားသွင်းမှုက ကေဘယ်ကြိုး၊ ဝါယာကြိုးတွေနဲ့ အားသွင်းမှုလောက်တော့ မြန်ဆန်တဲ့နှုန်းနဲ့ အားသွင်းမပေးနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ မိုဘိုင်းထုတ်ကုန်အတွက် ဘက်ထရီအားကို အချိန်တိုတိုအတွင်းမှာ များများလိုအပ်တယ်ဆိုရင်တော့ အားသွင်းကြိုး အသုံးပြုခြင်းက ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။

ကြိုးမဲ့အားသွင်းစနစ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ မျိုးကွဲတွေကို သိရှိထားသင့်ပါတယ်။ A4WP (Alliance for Wireless Power), PMA (Power Matters Alliance), Qi (Wireless Power Consortium) တွေကတော့ နာမည်ကြီး ကြိုးမဲ့ နည်းပညာမျိုးကွဲတွေနဲ့ စံသတ်မှတ်ချက်တွေပဲဖြစ်ပါတယ်။ A4WP ကြိုးမဲ့စနစ်က Rezence လို့ခေါ်တဲ့ ကြိုးမဲ့ပါဝါ ကူးပြောင်းတဲ့နည်းပညာကို အခြေခံ ဖန်တီးထားတာဖြစ်ပြီး Qi နဲ့ PMA ကတော့ Inductive အားသွင်းနည်းပညာကို အသုံးပြုတာဖြစ်ပါတယ်။ Qi နဲ့ PMA စနစ်နှစ်ခုက အားသွင်းပေးတဲ့ပုံစံ တူညီပြီး အားသွင်းပေးနိုင်တဲ့ လှိုင်းအလျားနဲ့ နောက်ဘက်က ဒီစနစ်ကို လည်ပတ်အောင် ထောက်ပံ့ပေးတဲ့စနစ်ကတော့ မတူညီပါဘူး။

နောက်ဆုံးထွက်ရှိခဲ့တဲ့ Galaxy S10 စီးရီးဖုန်း၊ Note 10 နဲ့ Note 10+ ဖုန်းတွေမှာလည်း ဒီ Fast Wireless Charging 2.0 နည်းပညာကို ထည့်သွင်း အသုံးပြုထားတာဖြစ်ပါတယ်။ ဒီနည်းပညာက ၁၀ ဝပ်နဲ့အထက်ကို ပိုမိုထောက်ပံ့ပေးနိုင်ပြီး အမြင့်ဆုံးပမာဏ ၁၅ ဝပ်အထိ ထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း