Facebook Messenger သုံးမရသည့်ပြဿနာ iPhone သုံးစွဲသူ ထောင်ပေါင်းများစွာတွင် ဖြစ်ပွားခဲ့

Apple ရဲ့ နောက်ဆုံးပေါ် mobile operating system ဖြစ်တဲ့ iOS 11 ချို့ယွင်းချက်ကြောင့် iPhone သုံးစွဲသူထောင်ပေါင်းများစွာမှာ Facebook Messenger သုံးမရတဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီပြဿနာဟာ Android သုံးစွဲသူတွေအပေါ်မှာ သက်ရောက်မှု မရှိဘဲ iOS သုံးစွဲသူတွေမှာသာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီပြဿနာဟာ iOS 11 နောက်ဆုံးဗားရှင်းမှာ တွေ့ရှိခဲ့ရတဲ့ “CryptoTokenKit” code ကြောင့် ဖြစ်ပွားခဲ့ရဖွယ်ရှိတယ်လို့ Forbes ကဖော်ပြခဲ့ပါတယ်။

iPhone သုံးစွဲသူ ထောင်ပေါင်းများစွာဟာ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းကစပြီး နာမည်ကျော် chat app ဖြစ်တဲ့ Facebook Messenger ကို အသုံးမပြုနိုင်ဘူးလို့ သိရပါတယ်။

အဲဒီပြဿနာဟာ မနက် ၂ နာရီက စတင်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ ပြတ်တောက်မှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ခြေရာခံပေးနိုင်တဲ့ Down Detector ဝက်ဘ်ဆိုက်မှာလည်း Facebook Messenger အသုံးပြုလို့မရတဲ့ကိစ္စအပေါ် ရေးသားမှုတွေများစွာ ရှိခဲ့ပါတယ်။

iOS 11 ကို update ပြုလုပ်အပြီးမှာ Messenger ဟာ မကြာခဏ crash ဖြစ်နေတယ်လို့ သုံးစွဲသူတချို့က ပြောခဲ့ပါတယ်။ လတ်တလောမှာတော့ Facebook Messenger ဘာကြောင့် crash ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

Facebook Messenger ဟာ စက္ကန့်အနည်းငယ်ပဲ ပွင့်ပြီး crash ဖြစ်သွားတယ်လို့ Twitter မှာသုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။

Messenger app ကို ပြန်လည် install ပြုလုပ်ရင် ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ တချို့သုံးစွဲသူတွေက ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ Messenger သုံးစွဲသူအချို့မှာတော့ ပြဿနာရှိနေတုန်းပဲလို့ သိရပါတယ်။

“Messenger ကို uninstall ပြုလုပ်ပြီး install ပြုလုပ်တာဟာ မိနစ်အနည်းငယ်ပဲ အလုပ်ဖြစ်ပါတယ်။ အဲ့ဒီနောက် အရင်လိုပြဿနာတွေ ဆက်ဖြစ်တုန်းပါပဲ” လို့ သုံးစွဲသူတစ်ဦးက အွန်လိုင်းမှာ မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။

စိုးထက်
Ref: DailyStar