Facebook Connectivity မှ အများပြည်သူသုံး အင်တာနက် Express Wi-Fi ကို မြန်မာနိုင်ငံတွင်မိတ်ဆက်

Facebook Connectivity က အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများဖြစ်တဲ့ 5BB Broadband နဲ့ Kinetic တို့နဲ့ မိတ်ဖက်ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အင်တာနက် ရယူအသုံးပြုနိုင်မှု ပိုမို မြှင့်တင်ပေးနိုင်ဖို့ ပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ ကုမ္ပဏီများအ​နေဖြင့် Facebook Connectivity ရဲ့ Express Wi-Fi ပလက်ဖောင်းကို အသုံးပြုပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အင်တာနက် Wi-Fi ရရှိနိုင်တဲ့ အများပြည်သူသုံး နေရာများ ဖန်တီးပေးမှာဖြစ်ပြီး မြန်ဆန်၊ စိတ်ချရတဲ့ အင်တာနက် Wi-Fi ကို လူအများ အလွယ်တကူ ရယူအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
5BB Broadband မှ လာမယ့် (၂) နှစ်အတွင်း အင်တာနက်ဝန်ဆောင်မှု ရယူနိုင်တဲ့ နေရာပေါင်း (၃,၀၀၀) ကျော် ဖန်တီးပေးနိုင်ဖို့ စီစဉ်ထားပြီး 5BB Broadband ကိုစျေးဝယ်စင်တာမောလ်များ၊ ကော်ဖီဆိုင်များ စတဲ့ အင်တာနက် ရရှိနိုင်တဲ့ အများပြည်သူသုံး နေရာများကို ရန်ကုန်နဲ့ မန္တလေးမြို့မှာ စတင် တပ်ဆင်ပေးနေပြီ ဖြစ်ကာ အဆိုပါ နေရာများနဲ့ အနီးတစ်ဝိုက်ရှိ အသုံးပြုသူများမှာ အင်တာနက်ရဲ့ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ကြမှာ ဖြစ်တယ်လို့သိရပါတယ်။

“ဒစ်ဂျစ်တယ်နည်းပညာ ရယူနိုင်သူတွေနဲ့ မရနိုင်သေးတဲ့သူတွေကြား ကွာဟချက်တွေ နည်းနိုင်သမျှ နည်းလာအောင် ပေါင်းကူးပေးပြီး လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်သူတွေ အတွက် စံချိန်စံနှုန်းမီ ယုံကြည်စိတ်ချရတဲ့ အင်တာနက်အမြန်နှုန်းနဲ့ Wi-Fi’ ဝန်ဆောင်မှုပေးအပ်ဖို့ ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မျှော်မှန်းချက်နဲ့အညီ 5BB Broadband နဲ့ Facebook ရဲ့ Express Wi-Fi တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လူအများ အလွယ်တကူ အသုံးပြုနိုင်ပြီး စိတ်ချရတဲ့ အင်တာနက်ကို ရယူ အသုံးပြုနိုင်တော့မှာပါ။ အခု အချိန်မှာ အခြေခံအဆောက်အအုံ ကန့်သတ်ချက်တွေကြောင့် အရည်အသွေးမြင့် အင်တာနက် မရရှိနိုင်သေးတဲ့ မြို့ပြနဲ့ ဆင်ခြေဖုံး နေရာဒေသတွေမှာ ရှိတဲ့ စိန်ခေါ်မှုတွေကိုပါ အခုလို ကမ္ဘာ့အဆင့်မီ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကနေ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်”လို့ 5BB Broadband ရဲ့ Co-founder နှင့် Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုး က ပြောပါတယ်။

Kinetic မှာလည်း လာမယ့် (၁၈) လ အတွင်း ရန်ကုန်နဲ့ မန္တလေးမှာ ရေရှည်အသုံးပြုနိုင်မယ့် အများပြည်သူသုံး Wi-Fi အင်တာနက် ကွန်ရက်တစ်ခု ပေးအပ်နိုင်ဖို့ Express Wi-Fi ပလက်ဖောင်းကို အသုံးပြုမှာဖြစ်ပါတယ်။

“Facebook Connectivity နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး Express Wi-Fi ပလက်ဖောင်းကိုလည်း ကောင်းကောင်း အသုံးချသွားဖို့ကို ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လာမယ့် လအနည်းငယ်အတွင်းမှာ Kinetic internet အသုံးပြုသူတွေ အနေနဲ့ အသက်သာဆုံး ဈေးနှုန်းနဲ့ အမြန်ဆုံး၊ အကောင်းဆုံး Wi-Fi အင်တာနက်လိုင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးဖို့ပါပဲ” လို့ Kinetic Myanmar Technology Co., Ltd. ရဲ့ Managing Director ဖြစ်သူ ဦးမြမိုးအောင် က ပြောပါတယ်။

“လူတိုင်းလက်လှမ်းမီပြီး အရည်အသွေးမြင့်တဲ့ အင်တာနက်ဆိုတာ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြား ကိစ္စတွေအများကြီး ဆောင်ရွက်နိုင်ဖို့ မရှိမဖြစ် အရာတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ Express Wi-Fi ပလက်ဖောင်းကို အသုံးပြုပြီး 5BB Broadband နဲ့ Kinetic လိုမျိုး မိတ်ဖက် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လူတွေအများကြီးအတွက် အင်တာနက် ချိတ်ဆက်မှုတွေနဲ့ သူ့ရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ရရှိနိုင်အောင် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်တစ်ဝန်းက လူမှုအသိုင်းအဝိုင်းတွေ အများကြီး အတွက် လူတိုင်း အသုံးပြုနိုင်ပြီး မြန်ဆန်တဲ့ အင်တာနက် Wi-Fi တွေကို ရေရှည် ရယူအသုံးပြုနိုင်အောင် မိတ်ဖက် ပူးပေါင်းမှုတွေ တိုးချဲ့ဆောင်ရွက်သွားဖို့ မျှော်မှန်းထားပါတယ်” လို့ Facebook ရဲ့ အရှေ့တောင်အာရှဆိုင်ရာ Head of Connectivity and Access Policy ဖြစ်သူ Tom Chottayil Varghese က ပြောပါတယ်။

Facebook Connectivity ရဲ့ Express Wi-Fi ပလက်ဖောင်းမှာ ပါဝင်တဲ့ နည်းပညာ အစုံအလင်မှာ 5BB Broadband နဲ့ Kinetic ကဲ့သို့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများအတွက် ၎င်းတို့ရဲ့ အင်တာနက် Wi-Fi လုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့်၊ ရေရှည်လုပ်ကိုင်နိုင်မယ့် နည်းလမ်းနဲ့ တည်ဆောက်ပြီး တိုးချဲ့စီးပွားရှာနိုင်ဖို့ ပံ့ပိုးထားပါတယ်။ တိုက်ရိုက်နဲ့ သွယ်ဝိုက်စွာ စီးပွားရှာနိုင်တဲ့ စွမ်းရည်နှစ်မျိုးကို ထူးခြားစွာ ပေါင်းစပ် အသုံးချထားပြီး Wi-Fi အင်တာနက်ကွန်ရက်များအတွက် သီးသန့် ထည့်သွင်းပေးထားတဲ့ အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့်အတူ Express Wi-Fi ပလက်ဖောင်းဟာ ဒေသတွင်း၊ နိုင်ငံနှင့် ပြည်တွင်း လိုအပ်ချက်များနဲ့ အညီ ချဉ်းကပ်ပုံအမျိုးမျိုးဖြင့် ပြင်ဆင်ပြောင်းလဲနိုင်ဖို့ ထောက်ပံ့ထားပါတယ်။ ရလဒ်အနေနဲ့ Express Wi-Fi ပလက်ဖောင်းကို ပိုမို မြန်ဆန်၊ အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာတဲ့ အင်တာနက်ကို လူများများထံ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။

Express Wi-Fi သည် Facebook Connectivity အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ပိုမို မြန်ဆန်တဲ့ အင်တာနက်ဖြင့် လူများများ ပို၍ အွန်လိုင်းအသုံးပြုလာနိုင်ဖို့ ရည်ရွယ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိုမို ကျယ်ပြန့်စွာ၊ အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ပေးနိုင်ဖို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ Facebook Connectivity တွင် ဆက်သွယ်ရေးနှင့် နည်းပညာ ပညာရှင်များနဲ့ အင်ဂျင်နီယာများ ပါဝင်တဲ့ အဖွဲ့ အနေဖြင့် ကမ္ဘာ့နိုင်ငံအနှံ့ရှိ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများ၊ မိုဘိုင်းကွန်ရက် အော်ပရေတာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ မိတ်ဖက်များနှင့် စနစ်တကျ ပူးပေါင်းလုပ်ကိုင်နေပြီး ဈေးသက်သာကာ အရည်အသွေးမြင့် အင်တာနက် ရရှိမှု ပိုမို များပြားလာစေမယ့် အစီအစဉ်များ၊ နည်းပညာများနှင့် စီးပွားရေးလုပ်ငန်း ပုံစံများကို ဖန်တီး အကောင်အထည်ဖော်လျက် ရှိကာ Express Wi-Fi ပလက်ဖောင်းကို နိုင်ငံပေါင်း (၂၅) နိုင်ငံကျော်မှာ အသုံးပြုနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««