Facebook ၏ လေးခုမြောက် ကြားခံပြင်ပအချက်အလက်စစ်ဆေးသူအဖြစ် MIDO ကိုခန့်အပ်

သတင်းအချက်အလက်အမှားများ ပျံ့နှံ့မှုလျှော့ချ‌ရေးနှင့် အသိပညာပြည့်ဝတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခု တည်ဆောက်ရေးအတွက် ‘မီဒို’ လို့ လူအများသိထားတဲ့ Myanmar ICT for Development Organization (MIDO) ကို Facebook ရဲ့ လေးခုမြောက် ကြားခံပြင်ပအချက်အလက်စစ်ဆေးသူ မိတ်ဖက်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

MIDO ဟာ Poynter Institute ရဲ့ ဘက်လိုက်မှုကင်းသော နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) မှ ထောက်ခံချက် ရရှိထားပြီး Facebook ပေါ်မှာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အကြောင်းအရာများ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဆန်းစစ်လေ့လာကာ မည်မျှတိကျမှန်ကန်ကြောင်း အဆင့်သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အချက်အလက် စစ်ဆေးသူများမှ မှားနေသည်ဟု သတ်မှတ်လိုက်တဲ့ အကြောင်းအရာတစ်ခုမှာ သတင်းစဉ်တွင် ဖော်ပြမှု လျော့နည်းသွားမှာဖြစ်တဲ့အတွက် သတင်းအမှားများ ပျံ့နှံ့ရောက်ရှိမှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ သတင်းအမှားများကို ထပ်ဖန်တလဲလဲ မျှဝေနေတဲ့ စာမျက်နှာနဲ့ domain များမှာလည်း ၎င်းတို့ရဲ့ သတင်း ပျံ့နှံ့ရောက်ရှိမှုနှုန်း လျော့ကျသွားတာကို တွေ့မြင်ရမှာဖြစ်ပြီး ဝင်ငွေရှာဖွေခွင့်နဲ့ ကြော်ငြာခွင့်တို့ ဖယ်ရှားခံရမယ်လို့ သိရပါတယ်။

အကြောင်းအရာ တစ်ခုတွင် ပြင်ဆင်ထားတဲ့ ဒါမှမဟုတ် မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေတယ်လို့ သတ်မှတ်လိုက်တာနဲ့ News Feed တွင် ပြသမှုကို လျှော့ချလိုက်မှာဖြစ်ပြီး Instagram တွင်လည်း Explorer နဲ့ hashtag(#) စာမျက်နှာတွေမှာ ရှာဖွေမတွေ့ရှိနိုင်အောင် စစ်ထုတ်ကာ Feed မှာ ပြသမှုကိုလည်း လျှော့ချလိုက်မှာ ဖြစ်ပါတယ်။

ဒါအပြင့် ထပ်မံ ထည့်သွင်းလိုက်တဲ့ လုပ်ဆောင်မှုအသစ်ရဲ့ အကြောင်းအရာ တစ်ခုတွင် မှားယွင်းနေသော သို့မဟုတ် ပြောင်းလဲပြင်ဆင်ထားတဲ့ အချက်အလက်ပါဝင်နေပါက ထင်သာမြင်သာရှိတဲ့ [အသိပေးချက်](https://about.fb.com/…/update-on-election-integrity…/)ကို ပြသပေးသွားမှာ ဖြစ်ပါတယ်။ သို့မှသာ လူအများ အနေနဲ့ မည်သည့်အကြောင်းအရာကိုတော့ ဖတ်ရှုပြီး ယုံကြည်သင့်သည်၊ မျှဝေသင့်သည်ကို ကိုယ်တိုင်ချင့်ချိန် ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ သတိပေးချက်တွေကို Instagram ရဲ့ Stories အပါအဝင် အချက်အလက်အမှားနှင့် ပြောင်းလဲပြင်ဆင်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများပေါ်မှာ ပြသပေးသွားမှာ ဖြစ်ပြီး အချက်အလက် စစ်ဆေးသူများရဲ့ သုံးသပ်ချက်ကိုပါ ဖတ်ရှုနိုင်အောင် လင့်ကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

Facebook ရဲ့ အချက်အလက်စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့ပြီး လက်ရှိ Facebook တွင် ဘာသာစကား အမျိုးအစားပေါင်း ၆၀ ကျော်နဲ့ ရေးသားထားတဲ့ အကြောင်းအရာများကို စစ်ဆေးနိုင်ဖို့ အချက်အလက် စစ်ဆေးသူ မိတ်ဖက် အဖွဲ့အစည်းပေါင်း ၇၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««