Facebook ၏ စာဖတ်သူထံမှရရှိသော ဝင်ငွေမြှင့်တင်ရေး အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်

Facebook အနေနဲ့ ဇူလိုင်လထဲမှာ COVID-19 ကြောင့် ရုတ်တရက် ထိခိုက်မှုတွေ ဖြစ်ခဲ့ရတဲ့ ဒေသတွင်းက သတင်းခန်းတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ပုံမှန် အစီအစဉ်တွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ စတင်မိတ်ဆက် ခဲ့ပါတယ်။
ရည်ရွယ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Facebook Journalism Project မှ စာဖတ်သူထံကရရှိတဲ့ ဝင်ငွေမြှင့်တင်ရေး အစီအစဉ်ကို ဒေသတွင်းက ထုတ်ဝေသူတွေရဲ့ စီးပွားရေးအရ အသွင်ကူးပြောင်းမှု ပြုလုပ်ရာမှာ ပံ့ပိုးပေးဖို့ ဖော်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း (၈) နိုင်ငံက ထုတ်ဝေသူ (၁၂) ဦးဟာ အခပေး ဖတ်ရှုမှုတွေ၊ အဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်း ဖတ်ရှုမှုတွေ၊ တစ်ကြိမ်ချင်းစီ အခပေး ဖတ်ရှုမှုတွေကနေ တစ်ဆင့် စာဖတ်သူထံက တိုက်ရိုက် ရရှိနိုင်တဲ့ ဝင်ငွေကို တိုးမြှင့်နိုင်ဖို့ဆိုတဲ့ အကြောင်းအရာကို အဓိကထား သင်ကြားပေးမယ့် (၁၄) ပတ်ကြာ လေ့ကျင့်ရေးသင်တန်း အစီ အစဉ်တစ်ခုကို စတင်တော့မှာ ဖြစ်ပါတယ်။

“ဒီအစီအစဉ်မှာ ပါဝင်မယ့် ထုတ်ဝေသူတွေထဲက တချို့ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကိုယ့်ရဲ့ ရပ်တည်ချက်ကို မယိမ်းမယိုင် ကာကွယ်စောင့်ရှောက်ခဲ့ဆုံးသူတွေ ဖြစ်ပြီး တချို့ကတော့ အာရှနဲ့ ပစိဖိတ် ဒေသတွင်းက စာနယ်ဇင်း အသိုင်းအဝိုင်းမှာ အရေးပါတဲ့ နေရာကနေ လုပ်ကိုင်ဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်” လို့ Facebook ရဲ့ Accelerator Program Manager ဖြစ်တဲ့ David Grant က ဆိုပါတယ်။

အစီအစဉ်မှာ ပါဝင်သူတွေဟာ သူတို့ရဲ့ စီးပွားရေးအရ အသွင်ကူးပြောင်းမှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ အပတ်စဉ် မွမ်းမံသင်တန်းတွေကို တက်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ စာဖတ်သူထံက ရရှိတဲ့ ဝင်ငွေမြှင့်တင်ရေး စီမံချက်တွေမှာ အသုံးပြုနိုင်ဖို့ ငွေကြေးအထောက်အပံ့တစ်ခု လက်ခံရရှိမှာဖြစ်ပြီး Facebook ပေါ်နဲ့ Facebook ပြင်ပက စာဖတ်သူတွေကနေ ဝင်ငွေရှာနိုင်အောင် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်သူဦးရေ (၇၀) နီးပါး ရှိရာမှာ တစ်ဦးချင်းစီဟာ ကမ္ဘာလုံးဆိုင်ရာ FJP Accelerator program (Facebook ၏ စာနယ်ဇင်းလုပ်ငန်း အကျိုးပြုရေး စီမံချက်အား မြှင့်တင်ရေးအစီအစဉ်) မှာပါဝင်တဲ့ သတင်းမီဒီယာ အဖွဲ့အစည်းပေါင်း (၁၂၀) ကျော်ရှိတဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ကွန်ရက်တစ်ခုနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

ပါဝင်တက်ရောက်မယ့် ထုတ်ဝေသူတွေထဲမှာ Singapore Press Holdings , Tempo, Frontier, Hong Kong Cable TV , the South China Morning Post, Apple Daily, CommonWealth , Bangkok Post, Inquirer, New Straits Times, Malaysiakini နဲ့ Sin Chew တို့လည်း အပါအဝင် ဖြစ်ပါတယ်။

Facebook ရဲ့ မြှင့်တင်ရေး အစီအစဉ်ကို သုံးလကြာ စမ်းသပ်အစီအစဉ် တစ်ခုအနေနဲ့ အမေရိကန် ပြည်ထောင်စုက မြို့တော်သတင်းစာတွေနဲ့အတူ ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပြီး သူတို့ရဲ့ ဒစ်ဂျစ်တယ်ဗားရှင်း အခပေးဖတ်ရှုမှုဆိုင်ရာ စီးပွားရေးနည်းဗျူဟာတွေကို ပိုကောင်းလာအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မြောက်အမေရိက၊ လက်တင်အမေရိက၊ ဂျာမနီ အပါအဝင် မနှစ်က သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ ယခင် မြှင့်တင်ရေးအစီအစဉ်တွေကနေ အောင်မြင်မှုတွေ ရရှိပြီးချိန်မှာ အခုလို အာရှနဲ့ ပစိဖိတ်ဒေသမှာ တိုးချဲ့ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယခင်ပြုလုပ်ခဲ့တဲ့ သြစတြေးလျနဲ့ ကီဝီက ထုတ်ဝေသူတွေဟာ သူတို့တက်ရောက်ခဲ့တဲ့ ကနဦး လေ့ကျင့်ရေးသင်တန်းတွေကနေ ကြီးမားတဲ့ ရလဒ်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ဒီနှစ်ကုန်မှာ အပြီးသတ် ရလဒ်ကို အစီရင်ခံ တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အာရှ-ပစိဖိတ် ထုတ်ဝေသူတွေအတွက် အစီအစဉ်တွေ အားလုံးကို အွန်လိုင်းကနေ ဒါမှမဟုတ် ကြိုတင်ရိုက်ကူးထားတဲ့ ပို့ချချက်တွေကို မျှဝေမှုကနေတစ်ဆင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း