Facebook မှာ မြင်ရတဲ့ COVID-19 သတင်းအချက်အလက်ကို မှန်၊ မှား စစ်ဆေးနိုင်မယ့် လမ်းညွှန်ချက် ၅ ချက်

Covid-19 ကူးစက်ရောဂါဟာ ကမ္ဘာတစ်ဝှမ်း အရှိန်အဟုန်နဲ့ ပျံ့နှံ့လာချိန်မှာ အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ အွန်လိုင်းမှာ ဘာတွေမျှဝေနေလဲဆိုတာ အထူးသတိချပ်ဖို့ လိုလာပါတယ်။ အတည်မပြုထားတဲ့ မှားမှန် မသေချာတဲ့ အချက်အလက်တွေဟာ လူတွေကို စိတ်ရှုပ်ထွေးမှုတွေ ဖြစ်စေရုံမျှမက မလိုလားအပ်တဲ့ စိုးရိမ် ကြောက်ရွံ့စိတ်တွေကို ဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ မလိုလားအပ်တဲ့ စိုးရိမ်ကြောက်ရွံ့စိတ်တွေကို လိုက်ဖြန့်နေသလို ဖြစ်စေနိုင်တာဖြစ်ပါတယ်။ မှန်ကန်ကြောင်း အတည်ပြုပြီးသား သတင်းအချက်အလက်ကိုပဲ မျှဝေမိအောင် သတိထားရင်း သတင်းအမှား ပျံ့နှံ့ရောက်ရှိမှု လျှော့ချနိုင်ဖို့ ကူညီပေးရမယ့် တာဝန်ဟာ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့ တာဝန်ဖြစ်ပါတယ်။

ကိုယ့်ရဲ့ သတင်းစဉ်မှာ မြင်လိုက်ရတဲ့ အကြောင်းအရာတစ်ခုခုကို share နှိပ်ပြီး မမျှဝေခင် အလွယ်တကူ စစ်ဆေးနိုင်တဲ့ အချက် (၅) ချက်ကို Facebook က ထုတ်ပြန်ပေးထားကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့် (၁) – ပိုစ့် (Post) အကြောင်းအရာကို သုံးသပ်ပါ

သတင်းခေါင်းစဉ်ကို အရင်လေ့လာပါ။ သတင်းအမှားတွေဟာ စာဖတ်သူရဲ့ အာရုံစိုက်လာအောင် စိတ်လှုပ်ရှား စရာ သတင်းခေါင်းစဉ်ပေးပြီး တမင် စာလုံးအကြီး၊ အာမေဍိတ် (!!!) အမှတ်အသားတွေ ထည့်သုံးထားတတ် ပါတယ်။ စိတ်ဝင်စားအောင် သာသာထိုးထိုး ရေးထားတဲ့ သတင်းခေါင်းစဉ်၊ မယုံချင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချက်အလက်ဟာ – မယုံချင်စရာကောင်းမှန်း သိသာပါတယ်။

သတင်းကို တင်ထားတဲ့ ဝက်ဘ်ဆိုက်နာမည်နဲ့ လိပ်စာ (URL) ကို ကြည့်ပါ။ သံသယဖြစ်စရာ ဝက်ဘ်ဆိုက် နာမည်နဲ့ URL တွေဟာ တကယ့်နာမည်ကြီး သတင်းဌာနတွေရဲ့ နာမည်နဲ့ ဆင်တူယိုးမှားဖြစ်အောင် “l” အယ်လ်အသေးနေရာမှာ “I” အိုင် အကြီးနဲ့ ရေးထားတာမျိုး၊ “o” အိုနေရာမှာ “0” သုညနဲ့ ပေါင်းထားတာမျိုး စတဲ့ အများမမြင်သာ သတိမထားမိတဲ့ ဆင်တူရိုးမှားတွေ လုပ်ထားတတ်ပါတယ်။ မှန်ကန်ယုံကြည်ရတဲ့ သတင်းဌာန ဟုတ် မဟုတ် မသေချာဘူးဆိုရင်တော့ မိမိအနေနဲ့ browser Window အသစ်တစ်ခုမှာ သတင်းဌာန အစစ်တွေရဲ့ URL နဲ့ ယှဉ်ကြည့်ပြီး မှန်၊ မမှန် စစ်ဆေးဆုံးဖြတ်နိုင်ပါတယ်။

အဆင့် (၂) – ဝက်ဘ်ဆိုက်ကို လေ့လာဆန်းစစ်ပါ

ပိုစ့်မှာပါလာတဲ့လင့်ခ် (Link) ကို နှိပ်ပြီး သတင်းဖတ်တော့မယ်ဆို ရင် သတင်းတင်ထားတဲ့ စာမျက်နှာကို အရင်စစ်ဆေးပါ။ စာရေးသူရဲ့ နာမည်ကို ကြည့်ပြီး သူ၊ သူမ က ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ဟုတ်ရဲ့လား။ တခြားရော ဘာတွေရေးထားတာရှိလဲဆိုတာ လေ့လာပါ။ အဲဒီဝက်ဘ်ဆိုက်ရဲ့ ‘About’ နေရာမှာ ရေးထားတဲ့ သူတို့ ဝက်ဘ်ဆိုက်အကြောင်း၊ အဖွဲ့အစည်းအကြောင်းကို စစ်ဆေးတာကလည်း နည်းလမ်းကောင်းတစ်ခုလို့ Facebook က ဆိုထားပါတယ်။ ထပ်ပြီး သတင်းတင်ထားတဲ့ အချိန်နဲ့ နေ့စွဲဟာ ပုံမှန်အတိုင်း စနစ်တကျရှိရဲ့လား ဆိုတာ သတိပြုသင့်ပါတယ်။ သတင်းဆောင်းပါး တင်ဆက်ပုံက စနစ်တကျ၊ သပ်သပ်ရပ်ရပ် မရှိဘဲ ပုံမှန်မရှိဘူး။ သတင်းစာမျက်နှာ အပြင်အဆင်ကလည်း ဟန်ပန်မကျတဲ့အပြင် စာလုံးပေါင်းအမှား ပါနေတတ်ပါတယ်။ သတင်းအတုတင်လေ့ရှိတဲ့ ဝက်ဘ်ဆိုက်တွေဟာ ဒီလို အသေးစိတ်အချက်တွေကို ဂရုစိုက်လေ့ မရှိပါဘူး။ စာမှာပါတဲ့ ပုံနဲ့ ဗီဒီယိုတွေကလည်း လှည့်စားဖို့ပြုပြင်ထားတာမျိုး ဖြစ်နေတတ်လို့ သံသယနဲ့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။

အဆင့် (၃) – အကြောင်းအရာထဲမှာပါတဲ့ လူတွေရဲ့ ပြောစကားကို လေ့လာကြည့်ပါ

အကြောင်းအရာတစ်ခုထဲမှာ ကျွမ်းကျင်သူကိုရည်ညွှန်းထားတဲ့အပြင် သူတို့ပြောစကားဆိုပြီး ထည့်ရေးထားမယ်။ ဒါပေမဲ့ နာမည်တော့မပါဘူး။ ဥပမာ – “နာမည်ကြီး ကျွမ်းကျင်သူတစ်ဦးက ပြောသည်” ဆိုတာမျိုးပါ။ ဒါက သတင်းအမှားတစ်ခုမှာ တွေ့ရတတ်ပါတယ်။ ထပ်ပြီး တခြားသတင်းအကြောင်းအရာတွေကို မှီငြမ်းရေးသားထားတာလားဆိုတာ သေသေချာချာ စစ်ဆေးပါ။ ဒါမှမဟုတ် ရေးတဲ့သူ ထည့်သုံးထားတဲ့ အချက်အလက်တွေ မှန်ကန်တိကျမှု ရှိ၊ မရှိ ဆိုတာ စစ်ဆေးပါ။

အဆင့် (၄) – တခြားမှာတင်ထားတဲ့ သတင်းခေါင်းစဉ်၊ အကြောင်းအရာတွေနဲ့ တိုက်စစ်ပါ

ဆက်လက်ပြီး တခြားသတင်းရင်းမြစ်တွေကို ထည့်သွင်းဖော်ပြထားလားဆိုတာ စစ်ဆေးပါ။ ဒီ အကြောင်းအရာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ယုံကြည်ရတဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန (MOHS) တို့ကနေ တရားဝင်ထုတ်ပြန်ထားခြင်း ရှိ၊ မရှိစစ်ဆေးပါ။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ တရားဝင် ထုတ်ပြန်ချက်တွေ စုံစုံလင်လင်ထည့်ထားရင်တော့ သတင်းအကြောင်းအရာ အမှန်ဖြစ်နိုင်ခြေ များပါတယ်။

အဆင့် (၅) –ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ တရားဝင်ထုတ်ပြန်ထားတဲ့နောက်ဆုံးရ COVID-19 အချက်အလက်တွေကိုပဲ ရယူပါ

ဒီအချက်ကို လိုက်နာမယ်ဆိုရင် ကိုယ်ဖတ်ရှု့မျှဝေနေတဲ့ သတင်းအချက်အလက်တွေက မှန်ကန်တိကျတဲ့ တရားဝင် ထုတ်ပြန်ချက်တွေဆိုတာ စိတ်ချနိုင်ပြီ ဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းအချက်အလက်တွေကို
အောက်ဖော်ပြပါ နေရာတွေကနေ တိုက်ရိုက်ကြည့်ရှု့လေ့လာနိုင်ပါတယ်။

● ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) COVID-19 ဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်များ – http://mohs.gov.mm/Main/content/publication/2019-ncov

●MOHS တရားဝင် Facebook စာမျက်နှာ – www.facebook.com/MinistryOfHealthAndSportsMyanmar

● ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ COVID-19 စာမျက်နှာ – https://www.who.int/emergen…/diseases/novel-coronavirus-2019

● မြန်မာနိုင်ငံဆိုင်ရာ WHO အဖွဲ့ – https://www.who.int/myanmar

နိဂုံးချုပ်ရမယ်ဆိုရင် မိမိအနေနဲ့ အွန်လိုင်းပေါ်မှာ ဘယ်လို အကြောင်းအရာကို ဖတ်နေလဲဆိုတာနဲ့ ယုံကြည် စိတ်ချရပြီး မှန်ကန်တယ်လို့ ကိုယ်တိုင် သိထား၊ ယုံကြည်ထားတဲ့ သတင်းမျိုးကိုပဲ မျှဝေနေတာလားဆိုတာ အလေးအနက် စဉ်းစားကြည့်ဖို့ လိုပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေကို လက်တွေ့ စပြီး အသုံးချဖို့ တိုက်တွန်းပါတယ်။ တကယ်လို့ သတင်းအမှားဖြစ်နိုင်တဲ့ ပိုစ့် (Post) တစ်ခုကို တွေ့ပြီဆိုရင် အဲဒီ့ပို့စ့် (Post) ရဲ့ ညာဘက်ထိပ်က အစက်လေး (၃) စက် ( … ) ကိုနှိပ်၊ အကူအညီရယူရန် သို့မဟုတ် တိုင်ကြားရန် ကို ဝင်ရောက်ပြီး သတင်းအမှား ဆိုတာ တိုင်ကြားပေးဖို့ ချီတုံချတုံဖြစ်မနေဖို့ကိုလည်း Facebook က ဆိုထားပါတယ်။

ပို့စ် (Post) တစ်ခုကို ဘယ်လိုတိုင်ကြားရမလဲဆိုတာ အသေးစိတ် ပိုပြီး သိချင်ရင် Facebook ရဲ့ Help Center မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် – https://www.facebook.com/help/1380418588640631/

သတင်းအမှားကို ဘယ်လိုစစ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးလည်း https://www.facebook.com/help/188118808357379 မှာ အသေးစိတ်ထပ်ပြီး လေ့လာနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း