Facebook နဲ့ Instagram ကို ဖိအားပေးတဲ့ #StopHateforProfit လှုပ်ရှားမှု

အသေရေဖျက်မှုကို ဆန့်ကျင်တဲ့ (ADL) နဲ့ NAACP အဖွဲ့တို့ ပူးပေါင်းပြီး အများပြည်သူဆိုင်ရာ လှုပ်ရှားမှု #StopHateforProfit ကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုရဲ့ တောင်းဆိုမှုက ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေအားလုံး Facebook နဲ့ Instagram ပေါ်မှာ ကြော်ငြာရပ်တန့်ဖို့ပါပဲ။

Facebook ဟာ platform တွေပေါ်က အမုန်းစကားများစွာကို အရေးယူဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ အများပြည်သူဆိုင်ရာ အခွင့်အရေးလှုပ်ရှားမှုက ထုတ်ပြန်ခဲ့ပါတယ်။

#StopHateforProfit လှုပ်ရှားမှု ဖြစ်ပေါ်အပြီး ရက်အနည်းငယ် အတွင်းမှာ REI, The North Face နဲ့ Patagonia လက်လီအရောင်းဆိုင်တို့ ပါဝင်လာပါတယ်။ အခြားကုမ္ပဏီတွေ ဖြစ်တဲ့ Upwork နဲ့ Dashlane လည်း ပါဝင်လာပါတယ်။ Facebook ပေါ်က ၆ ခုမြောက် အကြီးဆုံး ကြော်ငြာကုမ္ပဏီ Starbucks ကလည်း #StopHateforProfit လှုပ်ရှားမှုနဲ့ သွယ်ဝိုက်ဆက်စပ်ပြီး လူမှုရေးမီဒီယာ ကြော်ငြာအားလုံးကို ရပ်တန့်မယ်လို့ ကြေညာထားပါတယ်။

ကိုကာကိုလာကုမ္ပဏီကလည်း #StopHateforProfit လှုပ်ရှားမှုကြောင့် ဇူလိုင် ၁ ရက်ကစတင်ပြီး ဒီဂျစ်တယ်ကြော်ငြာအားလုံးကို ရက် ၃၀ အထိ နားထားမယ်လို့ ပြောထားပါတယ်။ #StopHateforProfit လှုပ်ရှားမှုက Twitter, YouTube နဲ့အခြား platform တွေအပေါ်လည်း သက်ရောက်နိုင်ပါတယ်။

Facebook ရဲ့ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအကြီးအကဲ ဒုဥက္ကဋ္ဌဖြစ်သူ ကာရိုလင်းအီဗာဆန်က “ကုမ္ပဏီကြီး အမှတ်တံဆိပ်က ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်။ အမုန်းစကား ဖယ်ရှားမှုနဲ့ မဲပေးနိုင်မယ့် အချက်အလက် ထောက်ပံ့မှုတွေကို အရေးပါတဲ့လုပ်ရပ် အဖြစ် ဆက်လက်အာရုံစိုက်သွားမယ်။ ဈေးကွက်ရှာဖွေသူနဲ့ အများပြည်သူ အခွင့်အရေးလှုပ်ရှားသူတွေနဲ့ စကားပြောဆိုပြီး ပိုမိုကောင်းမွန်အောင် အတူတကွ ဆောင်ရွက်သွားပါမယ်” လို့ပြောထားပါတယ်။

စိုးထက်
Ref: TheVerge/ CNN