Facebook နဲ့ အချက်အလက်ဝေမျှမယ်လို့ WhatsApp ကြေညာအပြီး Signal အသုံးပြုမှု မြင့်တက်

WhatsApp ဟာ ဗုဒ္ဓဟူးနေ့တုန်းက သုံးစွဲသူ အချက်အလက်တွေကို မိခင်ကုမ္ပဏီ Facebook နဲ့အတူ ဝေမျှသုံးစွဲမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်အပြီး WhatsApp ပြိုင်ဘက် Signal ကို download ပြုလုပ်မှု အလွန်များပြားလာပါတယ်။

WhatsApp သုံးစွဲသူတွေအနေနဲ့ ဖေဖော်ဝါရီ ၈ ရက် မတိုင်မီ Facebook နဲ့အခြားဌာနခွဲက ဖုန်းနံပါတ်နဲ့ တည်နေရာ အချက်အလက်တွေကို သဘောတူညီမှပဲ အသုံးပြုခွင့်ရပါမယ်။ အခု အပြောင်းအလဲက ဥရောပသမဂ္ဂနဲ့ ယူကေအပြင်ဘက်မှာ သက်ရောက်မှုရှိမယ်လို့ WhatsApp ကပြောခဲ့ပါတယ်။ ပေါ်လစီအပြောင်းအလဲက သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ လုံခြုံစွာ စကားပြောဆိုမှုကို ထိခိုက်မှာ မဟုတ်ဘူးလို့ WhatsApp က ထုတ်ပြန်ခဲ့ပါတယ်။

App လေ့လာဆန်းစစ်တဲ့ Sensor Tower အချက်အလက်အရ WhatsApp ထုတ်ပြန်ချက်နောက်မှာ Signal အသုံးပြုသူ အလွန်မြင့်တက်လာတယ်လို့ သိရပါတယ်။ Signal ကလည်း WhatsApp လိုမျိုး encrypt message ပေးပို့တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

Signal အသုံးပြုမှုက ကုန်ဆုံးသွားတဲ့ ရက်သတ္တပတ်ထက် ရာခိုင်နှုန်း ၄,၂၀၀ အထိ တိုးတက်လာပါတယ်။

-စိုးထက်
Ref: BusinessInsider

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««