Facebook ဆီအချက်အလက်များဝေမျှမှုနဲ့ Zoom ကိုတရားစွဲဆို

ဗီဒီယိုကွန်ဖရင့်ပြုလုပ်တဲ့ Zoom ဟာ သုံးစွဲသူဆီ သတိမပေးဘဲ Facebook လိုမျိုး အခြားသူတွေဆီ အချက်အလက်တွေ ဝေမျှနေတယ်လို့ ဆိုပြီး class-action နဲ့ တရားစွဲဆိုထားပါတယ်။

တရားစွဲဆိုမှုကို ကယ်လီဖိုးနီးယားတရားရုံးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တာကြောင့် စိုးရိမ်မှုတွေရှိပြီး နေအိမ်ကနေ အလုပ်လုပ်သူ မြင့်တက်လာတဲ့အတွက် Zoom ရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

Zoom အနေနဲ့ app နဲ့ ဗီဒီယိုကွန်ဖရင့်လုပ်တဲ့ platform မှာတိုးပွားလာတဲ့ သုံးစွဲသူသန်းပေါင်းများစွာအတွက် တစ်ကိုယ်ရေအချက်အလက်ကို မကာကွယ်ပေးထားဘူးလို့ တရားစွဲဆိုသူက ပြောခဲ့ပါတယ်။

“Zoom app ကို install လုပ်ပြီး ဖွင့်လိုက်ရင် ခွင့်ပြုချက် ဒါမှမဟုတ် သတိပေးချက်မတောင်းဘဲ သုံးစွဲသူ တစ်ကိုယ်ရေ အချက်အလက်ကို ကောက်ယူ ဖော်ပြထားပြီး Facebook လိုမျိုး ကုမ္ပဏီတွေဆီ ပေးပို့ခဲ့ပါတယ်။ ဒါဟာ သုံးစွဲသူသန်းပေါင်းများစွာရဲ့ တစ်ကိုယ်ရေအချက်အလက်ကို ချိုးဖောက်တာပါ” လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

စိုးထက်
Ref: BusinessInsider