Face ID နည်းပညာ

Face ID ဆိုတာက မျက်နှာပြင်ကို ဖုန်းကနေ သိရှိမှတ်သားကာ ဖုန်းကို အပြည့်အဝ လုံခြုံမှုရှိစေမယ့် လုံခြုံရေးဆိုင်ရာ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ ဒီနည်းပညာကို Apple Inc ကနေ ဒီဇိုင်းထုတ်ပြီး ဖွံ့ဖြိုးအောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Apple က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှာ iPhone X ကို မိတ်ဆက်ခဲ့ပြီး ဒီဖုန်းမှာ Face ID နည်းပညာကို စတင်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

Face ID က လုံခြုံရေးနဲ့ တစ်ကိုယ်ရေဆိုင်ရာ အချက်အလက် ကာကွယ်ပေးနိုင်မှုတွေက Touch ID ထက် ပိုမို အဆင့်မြင့်မားပါတယ်။ ဒီနည်းပညာက မျက်နှာပြင်မှတ်သားတဲ့ ဆင်ဆာကို အခြေခံဖန်တီးထားတာဖြစ်ပေမယ့် ဒီစနစ်မှာ dot ပရိုဂျက်တာမော်ဂျူးနဲ့ အင်ဖာရက်ထ်ကင်မရာမော်ဂျူးဆိုပြီး အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။

Dot ပရိုဂျက်တာမော်ဂျူးက အင်ဖာရက်ထ် dot ပေါင်း ၃၀,ဝဝဝ ကျော်ကို ဖမ်းယူမှတ်သားပြီး အင်ဖာရက်ထ်ကင်မရာက ဒီဖတ်ယူမှတ်သားထားတဲ့ pattern တွေကို ပြန်လည်ဖတ်ရှုမှတ်သားပါတယ်။ မျက်နှာပြင်ကို မှတ်သားဖို့အတွက် အချက်အလက် pattern တွေကို ထုတ်ကုန်ရဲ့ CPU ထဲက Secure Enclave တစ်နည်း iOS ထဲကို encryt လုပ် ပို့ဆောင်ပြီး မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေးပါတယ်။

ဒီလိုမျိုးစနစ်က မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ဖို့အတွက် သုံးစွဲသူက Face ID ကို မှတ်ပုံတင်တာနဲ့ အသုံးပြုချိန်တွေမှာ မျက်စိဖွင့်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ မျက်နှာပြင်နဲ့ ဖုန်းကို Unlock လုပ်တာ (၅) ကြိမ်တိတိ အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်ရင်တော့ Face ID စနစ်က ၄၈ နာရီကြာ disable ဖြစ်သွားမှာဖြစ်ပါတယ်။

Face ID ကို အသုံးပြုပြီး ဖုန်း Unlock ကို အကြိမ်ပေါင်း ၁,ဝဝဝ,ဝဝဝ (ဆယ်သိန်း) အထိ ပြုလုပ်နိုင်မှာဖြစ်ပြီး Touch ID ကတော့ အကြိမ်ပေါင်း ၅ဝ,ဝဝဝ (ငါးသောင်း) သာ ပြုလုပ်နိုင်တယ်လို့ Apple က ဆိုထားပါတယ်။ Face ID ကို သုံးဖို့အတွက် မတူညီတဲ့ရှု့ထောင့်ကို အသုံးပြုပြီး အသုံးပြုသူရဲ့ မျက်နှာကို နှစ်ကြိမ်စကမ်ဖတ်ဖို့ လိုအပ်ပြီး ဖတ်လိုက် တဲ့ စကမ်ပေါ်မူတည်ပြီး သုံးစွဲသူရဲ့ မျက်နှာပြင်အချက်အလက်တွေကို မှတ်သားကာ အသုံးပြုရတာ မြန်ဆန်ဖို့ လိုအပ်တဲ့ ချိန်ညှိမှုတွေကို အလိုအလျာက်ပြုလုပ်ပါတယ်။

အဲဒီလို လုပ်ဆောင်ပေးတဲ့ အတွက် မိမိအနေနဲ့ ဆံပင်ရှည်လာတာ၊ မျက်နှာပြင်မှာ အခြားသော ပြောင်းလဲမှုတွေဖြစ်တဲ့ နေကာမျက်မှန်တပ်တာ၊ မိတ်ကပ်လိမ်းထားတာ၊ ပဝါစည်းထားတာမျိုးတွေ အတွက်ပါ အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်သလို အမှောင်ထဲမှာတောင်မှ အင်ဖာရက်ထ်မီး မော်ဂျူးက မျက်နှာတစ်ခုလုံးကို ဖတ်သားနိုင်မှာဖြစ်ပါတယ်။ Face ID ကို ဖုန်းကို အလိုအလျောက် ပွင့်အောင်၊ Apple Pay နဲ့ ငွေပေးချေပြုလုပ်တာနဲ့ သိမ်းထားတဲ့လျှို့ဝှက် password တွေ ကြည့်ရှုတာ စတဲ့ iOS ရဲ့ လုပ်ဆောင်ချက် တော်တော်များများမှာ အသုံးပြုနိုင်မှာဖြစ်သလို Animoji နဲ့ ကင်မရာစနစ်မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း