EIS ကင်မရာပိုင်းဆိုင်ရာ နည်းပညာ

EIS ဆိုတာက ခုနောက်ပိုင်း စမတ်ဖုန်းတွေမှာပါ ထည့်သွင်းအသုံးပြုလာတဲ့ ကင်မရာပိုင်းဆိုင်ရာ နည်းပညာ တစ်ခုပဲ ဖြစ်ပါတယ်။ EIS ရဲ့ အရှည်ကတော့ Electronic image stabilization ပဲဖြစ်ပါတယ်။ ဒီနည်းပညာက ပုံရိပ်တွေရဲ့ တုန်ခါမှုမဖြစ်အောင် လျှော့ချပေးနိုင်တဲ့အပြင် ပုံရိပ်တွေကို တည်ငြိမ်မှုရှိစေရန်လည်း အလင်းရောင်ကို အာရုံခံပေးနိုင်တဲ့ chip ကို အသုံးပြုကာ ထိန်းချုပ်ပေးပါတယ်။

ဒီနည်းပညာက ကင်မရာရဲ့ CCD (Charge Coupled Device) မှာတပ်ဆင်ထားတဲ့ light-sensing chip ကနေတစ်ဆင့် နည်းလမ်းနှစ်မျိုးနဲ့ ပုံရိပ်တွေကို တည်ငြိမ်မှုရှိအောင် ထောက်ပံ့လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ EIS စနစ်က ကျစ်လျစ်မှုရှိတဲ့အတွက် ကင်မရာမှန်ဘီလူးစနစ်ပိုင်းကို ထုထည်ကြီးမားမှုလည်း မရှိစေပါဘူး။ နောက်တစ်ခုက ပုံရိပ်တွေကို အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ပုံရိပ်ရဲ့ resolution နဲ့ အရည်အသွေးကို မလျော့ကျစေဘဲ တည်ငြိမ်မှုရှိအောင် ထောက်ပံ့လုပ်ဆောင်ပေးမှာလည်းဖြစ်ပါတယ်။ ပုံရိပ်ရဲ့ လှုပ်ရှာမှုးနဲ့ ကင်မရာရဲ့ တုန်ခါမှုနှစ်မျိုးစလုံးကြောင့် ဖြစ်ပေါ်နိုင်တဲ့ မှုန်ဝါးမှုမျိုးမရှိအောင် ဒီနည်းပညာက အဓိက လုပ်ဆောင် ပေးပါတယ်။

Goole က ၎င်းရဲ့ ပထမဆုံး ကိုယ်ပိုင်စမတ်ဖုန်းထုတ်ကုန်ဖြစ်တဲ့ Pixel ဖုန်းရဲ့ ကင်မရာစနစ်မှာ ဒီ EIS နည်းပညာကို OIS (Optical Image Stabilization) အစား အသုံးပြုခဲ့ပါတယ်။ OIS နည်းပညာရဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Sony ကလည်း သူ့ရဲ့ထုတ်ကုန်သစ် စမတ်ဖုန်းတွေမှာ စတင်အသုံးပြုလာပါပြီ။ ဒါ့အပြင် GoPro ကလည်း နောက်ဆုံးထွက် ထုတ်ကုန်မှာ ဒီနည်းပညာကို အသုံးပြုခဲ့ပါတယ်။
EIS နည်းပညာက ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းတဲ့အပြင် ဟာ့ဒ်ဝဲစနစ်ပိုင်းက ပါးလွှာမှုလည်း ရှိပါတယ်။ ပုံရိပ်ပိုင်းဆိုင်ရာကိုလည်း ရှုပ်ထွေးမှုကို လျှော့ချပေးနိုင်တဲ့အပြင် မှန်ဘီလူးပိုင်းဆိုင်ရာကိုလည်း ထိခိုက်မှုမရှိစေဘဲ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ် ပါတယ်။ ဒီနည်းပညာကို ဘိုင်နိုကူလာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုကင်မရာတွေနဲ့ တယ်လီစကုပ် စတာတွေမှာလည်း အသုံးပြုလျက်ရှိပါတယ်။

-ရဲထွဋ်ဝင်း