eGovernment အောင်မြင်ရန် အပိုင်းနှစ်ပိုင်းဖြင့်ဆောင်ရွက်ရန်လိုအပ်

eGovernment ကို အကောင်အထည်ဖော်ရာမှာ အောင်မြင်ဖို့ အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်မယ် လို့သိရပါတယ်။

eGovernment အောင်မြင်တဲ့ နိုင်ငံတော်တော်များများမှာ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ကြတာဖြစ်လို့ အဲဒီလို ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်မှာဖြစ်တယ်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ eGovernment Conference and ICT Exhibition 2017 အခမ်းအနားကနေ သိရပါတယ်။ “ကုမ္ပဏီ တွေရဲ့နောက်မှာ ပါတနာတွေဖွဲ့ပြီး eGovernment ကို အကောင်အထည်ဖော်နိုင်တဲ့ နည်းလမ်းတွေအများကြီးပါပဲ၊ ဘတ်ဂျက်မရှိဘူးဆိုပြီး နှောင့်နှေးမနေ စေချင်ပါဘူး၊ Private က ဘတ်ဂျတ်ရှာပြီးတော့ လုပ်နိုင်ပါတယ်၊ အစိုးရဘက်က ထိန်းကွပ်ပေးရုံပါပဲ” လို့ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နာယက ဦးသိန်းဦးက ပြောပါတယ်။ ဘဏ္ဍာရေးဆိုင်ရာတွေကို ပုဂ္ဂလိကအနေနဲ့ တာဝန်ယူဆောင်ရွက်ပြီး ဥပဒေဆိုင်ရာတွေ ချမှတ်ခြင်းနဲ့ ထိန်းကွပ်ခြင်းတွေကို အစိုးရဘက်က ဆောင်ရွက်ရင် အောင်မြင်မယ်လို့မြင်မိကြောင်း ဆက်လက်ပြောကြားပါတယ်။

ပြည်တွင်းမှာ eGovernment ပရောဂျက်တွေကို စတင်နေပေမယ့် အားလုံးကို မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ ဥပမာအားဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာတွေ၊ အာမခံလုပ်ငန်းဆိုင်ရာတွေနဲ့ စတော့အိတ်ချိန်းဆိုင်ရာတွေမှာ မြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။
“ဒါတွေအားလုံးကို ပုဂ္ဂလိကလုပ်ပြီး အကူအညီလိုအပ်ရင် ပြည်ကကုမ္ပဏီတွေနဲ့ပူးပေါင်းလုပ်ရမှာ ဖြစ်ပါတယ်၊ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့လိုပါတယ်” လို့ ဦးသိန်းဦးက ဆက်လက်ပြောကြားပါတယ်။

eGovernment ဆိုင်ရာနဲ့ ပတ်သတ်ပြီး Digital Myanmar ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အစိုးရတစ်ခုတည်းနဲ့ ဆောင်ရွက်သွားလို့မရကြောင်း၊ တိုင်းပြည်အနေနဲ့လည်း ပါဝင်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ဆိုပါတယ်။ လက်ရှိ ပြည်တွင်းမှာ eGovernment စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြတာဖြစ်ပြီး ဝန်ကြီးဌာန အသီးသီးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

-ထွန်းထွန်း