e Government Master Plan ကို ပထမဦးဆုံးအကြိမ် ရေးဆွဲမည်

ပထမဦးဆုံးအကြိမ်အဖြစ် e Government Master Plan ကို စတင်ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

“တစ်နှစ်စာအတွက် စပြီးရေးဆွဲနေတာပါ။ နောက်နှစ်မတ်လမှာ ပြီးပါမယ်။ ဒီအတွက် ADB (အာရှ ဖွံ့ဖြိုးရေးဘဏ်) က ငွေကြေးစိုက်ထုတ် ပေးထားတာပါ” ဟု ဦးသောင်းတင်က ဆိုသည်။ ADB သည် မြန် မာနိုင်ငံအတွက် e Government Master Plan စီမံခန့်ခွဲနေခြင်းဖြစ်သော်လည်း အကောင်ဖော်ဆောင်ခြင်းကို Infosys မှ လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“Master Plan ကို ကမ္ဘာမှာ ကြေညာရင် ကူညီမယ့်လူတွေကလည်း သိသွားမယ်။ စီးပွားရေးသမားတွေ အတွက်လည်း ဘာလုပ်မယ်ဆိုတာ ကြိုပြီးသိသွားမယ်။ Master Plan မရှိတော့ အားလုံးက အပြောကြီးပဲ ဖြစ်နေတယ်။ အခုဆိုရင် ကြားဖြတ်အစီရင်ခံအတွက်လည်း လုပ်နေကြပါပြီ။ Master Plan ရှိတဲ့အတွက် ဘာလုပ်မယ်ဆိုတာ တိတိကျကျလည်း သိသွားရမှာပါ”ဟု ဦးသောင်းတင်က ပြောသည်။

မြန်မာနိုင်ငံသည် ICT Master Plan ကို ရေးဆွဲခဲ့ဖူးသော်လည်း e Government Master Plan ကို တစ်ကြိမ်တစ်ခါမျှ ရေးဆွဲ အကောင်အထည် ဖော်ဆောင်ခဲ့ခြင်း မရှိသေးကြောင်း၊ e Govrnment လုပ်ငန်းစဉ် ကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ ယခင်က အကောင်အထည် ဖော်ဆောင်ခဲ့သော်လည်း သိသိသာသာ အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အတွေ့အကြုံအရ e Governmet Master Plan များသည် နှစ်ရှည်စီမံကိန်းအဖြစ် အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိဘဲ အများဆုံးစီမံကိန်းကို ၅ နှစ်ခန့်သာ ရေးဆွဲ အကောင် အထည် ဖော်ဆောင်နိုင်သည်ဟု သိရသည်။ နည်းပညာအပြောင်းအလဲ၊ စီးပွားရေး၊ နိုင်ငံရေးနှင့် အခြားသော အပြောင်း အလဲမျိုးစုံကြောင့် e Government Master Plan များသည် ရေတိုစီမံကိန်းများအနေဖြင့် အစဉ်အဆက် အကောင်အထည် ဖော်ဆောင်ရသည်ဟု သိရသည်။