e Government ဘတ်ဂျက်ကို လွှတ်တော်၌ ဆွေးနွေး

င်ငံတော်သမ္မတကိုယ်တိုင် ဝန်ကြီးဌာနများကို လပေါင်း ၂၀ စီမံကိန်းရေးဆွဲ၍ e Government ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရမည်ဟု ညွှန်ကြားခဲ့သည့်နောက်ပိုင်း e Government အသုံးစရိတ် ဘတ်ဂျက်နှင့် ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးနေပြီဟု သိရသည်။

“နှစ်လယ်မှာ လုပ်ရင်းကိုင်ရင်းနဲ့ လိုရင်တင်ပါဆိုတော့ ဝန်ကြီးဌာနတိုင်းက ခေါင်းစဉ်အလိုက် တင်ထား ကြတာတွေ ရှိတယ်။ ဒီတင်ထားတဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်မှာရှိတယ်။ လွှတ်တော် မှာ ဆွေးနွေးနေတယ်။ e Government လို့ဆိုတဲ့နေရာမှာ လုပ်နေဆဲအရာတွေလည်း ရှိတယ်။ အသစ်လုပ်မယ့် အရာတွေလည်း ရှိပါတယ်” ဟု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် ကပြောသည်။

e Government နှင့်ပတ်သက်၍ လပေါင်း ၂၀ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်သူများအတွက် ချက်ခြင်းအကျိုးသက်ရောက်နိုင်၍ မြင်သာထင်သာရှိသော လုပ်ငန်းများကို လုပ်ဆောင်ကြရန် ညွှန်ကြားထားခြင်းဖြစ်ပြီး ဝန်ကြီးဌာနများအလိုက် သတ်မှတ်ထားသော ကာလအတွင်း လုပ်နိုင်သမျှ ပြီးစီးအောင် လုပ်ကိုင်ကြရန်ဖြစ်သည်ဟု သိရသည်။

ဥပမာအနေဖြင့် e Visa အပါအဝင် အင်တာနက်နှင့်ချိတ်ဆက်၍ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် တီဗီပရိုဂရမ်များ ကြည့်ရှုလာနိုင်ခြင်းသည် e Government လုပ်ငန်းစဉ်၏ အကျိုးသက်ရောက်မှုများဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ရာ၌ Project တစ်ခုအနေဖြင့်မဟုတ်ဘဲ Process တစ်ခုအနေဖြင့် လုပ်ကိုင်နေရကြောင်း ဦးသောင်းတင်က ပြောသည်။

“လပေါင်း ၂၀ ဆိုတာက ကိုယ့်ကိုယ်ကို စာမေးပွဲစစ်တဲ့အနေနဲ့ အချိန်တစ်ခု သတ်မှတ်ပေးလိုက်တဲ့ သဘောပါ။ လပေါင်း ၂၀ အတွင်း ပြီးအောင်လုပ်ရမယ်လို့ ဆိုလိုတာတော့လည်း မဟုတ်ဘူး။ လုပ်နိုင်သမျှပြီးအောင် လုပ်ကြဖို့ပါ။ ဦးစားပေးကတော့ ပြည်သူတွေအတွက် သိသာထင်ရှားတာ ဖြစ်ဖို့ပါပဲ။ ဒီနေရာမှာ အစိုးရအချင်းချင်းသော်လည်းကောင်း၊ အစိုးရနဲ့စီးပွားရေးသော်လည်းကေင်း၊ အစိုးရနဲ့ ပြည်သူလူ ထုသော်လည်းကောင်း တစ်နည်းနည်းနဲ့ ချိတ်ဆက် အကျိုးပြုနိုင်တာမျိုးတွေ ပါပါတယ်”ဟု ဦးသောင်းတင်ကပြောသည်။

e Government လုပ်ငန်းစဉ်ကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနမှ အဓိကဝန်ကြီးဌာန တစ်ခုအနေဖြင့် ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး အခြားသော ဝန်ကြီးဌာနများအတွက် ကွန်ရက်လိုအပ်ချက်နှင့် နည်းပညာပိုင်းဆိုင်ရာများကို ကူညီပေးသွားမည်ဟု သိရသည်။