Dual WiFi နည်းပညာ

Dual WiFi နည်းပညာကတော့ လက်ရှိ မိုဘိုင်းဖုန်းဈေးကွက်ထဲက ပေါ်ပြူလာ တရုတ်စမတ်ဖုန်းမော်ဒယ် နှစ်မျိုးဖြစ်တဲ့ OPPO နဲ့ Vivo အမှတ်တံဆိပ် စမတ်ဖုန်းတွေက သူတို့ရဲ့ ထုတ်ကုန်သစ်တွေမှာ ထည့်သွင်းမိတ်ဆက်ခဲ့တဲ့ WiFi နည်းပညာသစ် ဖြစ်ပါတယ်။ ဒီနည်းပညာက စမတ်ဖုန်းရဲ့ WiFi ကွန်ရက် ချိတ်ဆက်နိုင်မှု အမြန်နှုန်းကို ပိုမို မြင့်မားကောင်းမွန်စေမှာ ဖြစ်ပါတယ်။

Dual WiFi နည်းပညာက 2.4Ghz နဲ့ 5GHz ကွန်ရက်တွေကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုပြီး upload နဲ့ download ပြုလုပ်တာတွေကို တစ်ချိန်တည်းမှာ ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်။ Dual WiFi လုပ်ဆောင်ချက်က စမတ်ဖုန်းရဲ့ WiFi စွမ်းဆောင်ရည်ကို download အမြန်နှုန်း ၃၂၂ ရာခိုင်နှုန်းနဲ့ ဝက်ဘ်စာမျက်နှာ page loading ကို ၄၄.၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ရရှိနိုင်မှာဖြစ်တယ်လို့ OPPO က ဆိုထားပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ OEMs operating system ပေါ် မှာ Dual WiFi နည်းပညာကို ထည့်သွင်းအသုံးပြုတာဖြစ်ပြီး OPPO ရဲ့ Dual WiFi ကို DBS/DBDC chip နည်းပညာက အဓိက ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဒီနည်းပညာက စမတ်ဖုန်းသုံးစွဲသူကို WiFi မတူညီတဲ့ကွန်ရက်နှစ်ခုကို တစ်ချိန်တည်းမှာ ချိတ်ဆက် အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

အဲလို ချိတ်ဆက်အသုံးပြုနိုင်တဲ့အတွက် တည်ငြိမ်တဲ့ကွန်ရက် အခြေအနေနဲ့ bandwidth ရဲ့ အမြန်နှုန်းကို ပိုမို တိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီနည်းပညာက WiFi ကွန်ရက်နှစ်ခုရဲ့ သုံးစွဲနိုင်မှု အမြန်နှုန်းကို ပေါင်းစုခြင်း၊ လမ်းလွှဲခြင်း စတဲ့ နည်းပညာပုံစံနှစ်မျိုးအနေနဲ့ ဖန်တီးထားတာဖြစ်ပါ တယ်။ အဲလိုဖန်တီးထားတာ ဖြစ်တဲ့အတွက် သုံးစွဲသူအနေနဲ့ အွန်လိုင်းဂိမ်းကစားတာမျိုးနဲ့ အွန်လိုင်းကနေ တိုက်ရိုက် ဗီဒီယိုကြည့်ရှုတာမျိုးတွေကို ကွန်ရက်နှစ်ခုက ရရှိတဲ့ အကောင်းဆုံးအမြန်နှုန်းကို ရယူ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။