Draper House နှင့် LEARN Global Institute တို့ နားလည်မှုစာချွန်လွှာရေးထိုး

Draper Startup House (DSH) နဲ့ LEARN Global Institute (LGI) တို့နားလည်မှုစာချွန်လွှာ (MOU) ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး LGI ကျောင်းသားများ မတည်ငွေရင်း ထောက်ပံ့မှု (Venture Capital Funding) ရရှိနိုင်မယ့် အခွင့်အရေးတွေနဲ့ ပိုမိုကောင်းမွန်သော သင်ကြားမှု အတွေ့အကြုံများ ပေးသွားမယ်လို့သိရပါတယ်။

“ဒီနှစ် စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး Manchester Metropolitan University ရဲ့ MSc FinTech ဘွဲ့ကို တက်မယ့် ကျောင်းသား ပထမအသုတ် စိတ်လှုပ်ရှားစရာ ခရီးစဉ်ဖြစ်တဲ့ အွန်လိုင်း ဘွဲ့လွန်မော်ဂျူးကို စတင်တော့မှာပါ။ LEARN Global Institute နဲ့ Draper House တို့ရဲ့ ပူးပေါင်းမှုကနေ အကောင်းဆုံး သင်ယူမှု အတွေ့အကြုံတွေကို ကျွန်တော်တို့ရဲ့ ကျောင်းသားတွေအတွက် ဖန်တီးပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ LEARN Global Institute ဟာ ကမ္ဘာ့အကောင်းဆုံး ပညာရေးသင်တန်းကျောင်းတွေကို ကိုယ်စားပြု သင်ကြားနေပါတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ အကောင်းဆုံးဆိုတဲ့ သင်ကြားရေးကိုရရှိနိုင်ဖို့ အဓိက လုပ်ဆောင်နေပါတယ်။ Draper Startup House နဲ့ ပူးပေါင်းဆောင်ရွက်တာကြောင့် ကျွန်တော်တို့ကျောင်းသားတွေ တိုးတက်အောင်မြင်ဖို့ အခွင့်အရေးတွေ အများကြီးရလာမှာ ဖြစ်တဲ့အတွက် DSH Yangon team ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်” လို့ LEARN Global Institute ၏ Chief Innovation Officer (ဆန်းသစ်တီထွင်မှုအရာရှိချုပ်) Mr. Edmund Carlos Avila မှပြောကြားခဲ့ပါတယ်။

DSH – LGI သဘောတူညီချက်အရ Manchester Met Fintech ပရိုဂရမ်ရဲ့ ပထမဆုံး ရှေ့ပြေး အစီအစဉ်မှာ စာရင်းပေးသွင်းထားတဲ့ LGI ကျောင်းသားတွေဟာ ၎င်းတို့ရဲ့ သင်ယူမှုအတွေ့အကြုံကို အကျိုးရှိရှိ အသုံးချနိုင်ရန် အခွင့်အရေးတွေရရှိမှာ ဖြစ်ကြောင်း၊ အဖွဲ့အစည်းနှစ်ခုစလုံးမှာ ကျောင်းသားများ၊ ကျွမ်းကျင်သူများ၊ အတွေးအခေါ်ပညာရှင် (Thought Leaders)၊ စွန့်ဦးတီထွင်သူများ နဲ့ Startup လုပ်ငန်းများကို အဓိကထား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့အတွက် အကောင်းဆုံးဖြစ်မည့် ဂေဟစနစ်တစ်ခုကို ဖန်တီးခြင်းဖြစ်တယ်လို့ သိရပါတယ်။