Dragon Ball Z: Kakarot

အရင်က Animation ရုပ်သံ ဇာတ်လမ်းတွဲအဖြစ် လူငယ်တွေ အကြားရေပန်းစားခဲ့တဲ့ Dragon Ball ဇာတ်လမ်းတွဲကို ဂိမ်းအဖြစ် ဖန်တီးထားခြင်းပါ။ တိုက်ခိုက်ရေး ဦးစားပေးနဲ့ တစ်ယောက်တည်း ဂိမ်းကစားတတ်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းပါပဲ။ ပြည်တွင်းမှာ အသုံးများတဲ့ Wins စ နစ်နဲ့ပါ ကစားနိုင်အောင် ဖန်တီး လာလို့ သဘောကျစရာပါ။ Console တွေနဲ့ဆိုရင်လည်း PS4 ရော Xbox One နဲ့ပါ ကစားနိုင်မှာပါ။

ရုပ်ထွက်ကတော့ပုံမှန်ပါပဲ။ အဆုံးမဲ့ ၀န်းကျင်လို့ ဆိုနိုင်မယ့် တောတွင်းနေရာ တစ်ခုမှာ တိုက် ခိုက်သွားလာ ကစားရဖို့ရှိမယ်၊ လက်ရှိ ပထမဆုံး ထွက်ထားတဲ့ Version မှာ ကစားသူအနေနဲ့ Goku ဆိုတဲ့ ဇာတ်ကောင်အဖြစ် ဝင်ကစားရမှာပါ။ ဒါပေမဲ့မကြာခင် Update လုပ်ဖို့ရှိပြီး အဆိုပါ Version မှာတော့ ဇာတ်ကောင် သစ်တွေအဖြစ် Piccolo, Vegeta, Gohan, Future Trunks, Vegito နဲ့ Gotenks တွေအဖြစ်ပါ ကစားနိုင်အောင်ဖန် တီးလာဖို့ ရှိနေပါတယ်။ ဇာတ်လမ်းသွားကတော့ ရိုးပါတယ်၊ Sys ကနေ ဖန်တီးထားတဲ့ရန်သူတွေကို အနိုင်ရအောင်တိုက်ခိုက်၊ ကိုယ့်စွမ်းရည် ပိုကောင်းအောင် ကြိုးစား၊ နောက်ဆုံးအဆင့်ထိအောင် အနိုင်ယူ၊ ဒါပါပဲ။

Single အနေနဲ့ပဲ ကစား နိုင်မှာဖြစ်လို့ ဇာတ်ကောင်ရွေးချယ်နိုင်မှု အားနည်းလဲ အရေးတော့မပါလှပါဘူး။ ဂိမ်းရဲ့အစမှာ ဇာတ်ကောင်က စိတ်ကြိုက်နေရာ သွားလာနိုင်မှုမရှိဘဲ တဖြည်းဖြည်း ရမှတ်တွေတက်လာမှ နေရာသစ်၊ တစ်နည်းပြောရရင် အခန်းသစ််တွေ Unlock ဖြစ်လာမယ်၊ ရန်သူအသစ်တွေနဲ့ တိုက်ခိုက်အနိုင်ယူလာနိုင်မှာ ဖြစ်ပါတယ်။ လက်နက် အသုံးပြု တိုက်ခိုက်နိုင်မှုထက် စိတ်ကူးယဉ်ဆန်ဆန် စွမ်းအားသုံးတိုက်ခိုက်မှု ပိုများတယ်၊ ဇာတ်ကောင်အနေနဲ့ရော ရန်သူအနေနဲ့ပါ လက်သီးနဲ့ ထိုးတာတွေ၊ ကန်တာတွေ၊ အားယူ တိုက်ခိုက်တာတွေပဲ လုပ်ဆောင်နိုင်မှာပါ။

ဇာတ်ကောင်အနေနဲ့ ရန်သူကို တိုက်ခိုက်ပြီး ရမှတ်တွေစု ဆောင်းနိုင်တယ်၊ နေရာအသစ်တွေ၊ စွမ်းရည်အသစ်တွေ Unlock လုပ်နိုင်တယ်၊ ဒါပေမဲ့ တိုက်ခိုက်ပြီး လျော့သွားတဲ့ အသက်တွေ ပြန်ဖြည့်ဖို့အတွက် အစားစားခြင်းကနေ အဓိက အားပြန်ပြည့်မယ်။ တစ်ခုဂရုစိုက်စရာရှိတာက ကစားသူအနေနဲ့ ကိုယ်နဲ့ Level မတူသေးတဲ့၊ ကိုယ့်ထက်မြင့်တဲ့ ရန်သူကို ရွေးချယ်ပြီး Battle မဆိုင်ဖို့ပါပဲ။ ဆိုင်မိရင်တော့ လုံးဝအရှုံးနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ဂိမ်းရဲ့ အစကို ပြန်သွားရဖို့ ရှိနိုင်လို့ပါ။

ပဟေဠိ ဖြေရှင်းရမယ့် အခန်းလဲ သီးခြားပါရှိပေမယ့် အရေးတော့ မကြီးပါဘူး။ ရမှတ်တွေကို ရန်သူနဲ့ တိုက်ခိုက်ရင်းစုဆောင်းရ တာပျင်းလာရင် ပဟေဠိဖြေရှင်းရတဲ့ အခန်းမှာသွားပြီး ကစားရင်းရ မှတ်တချို့ရနိုင်ပါတယ်။ တိုက်ခိုက်ရေးပဲ အားသန်တဲ့ ကစားသမားတွေ အတွက်ကတော့ ပဟေဠိခန်းက အပိုဖြစ်နေမှာပါ။ ဂိမ်းအစအဆုံးကစားဖို့ အချိန် နာရီ ၃၀ လောက်ကုန်နိုင်ပါတယ်။ ဒါပေမဲ့ အခုမှ စကစားတဲ့သူတွေ အတွက်ရော၊ တိုက်ခိုက်ရေးအတွက်တင် မဟုတ်ဘဲ ပဟေဠိခန်းပါ ပြီးဆုံးအောင် ကစားချင်သူတွေအတွက်ကတော့ ပျမ်းမျှနာရီ ၁၀၀ လောက်ထိအောင် ခေါင်းစားရလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ စိတ်ဝင်စားစရာပဲဗျာ၊ လူငယ်ကြိုက် ဂိမ်းတစ်ခုက ဒီလောက်ထိအောင် ကစားရဖို့ရှိ ရဲ့လား၊ Goku အဖြစ်နဲ့ သင်ရော အချိန်ဘယ်လောက်သုံးပြီး အနိုင်ရအောင် ယူနိုင်မှာလဲ.. စမ်းကြည့်ပါ့လား…