Download အကြိမ်ရေ သန်းပေါင်းများစွာရှိတဲ့ အန္တရာယ်ရှိ Android app များကို Google ဖယ်ရှား

Google Play Store ပေါ်မှာရှိတဲ့ အန္တရာယ်ရှိ malware တွေပါဝင်တဲ့ app အခု ၅၀ ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သုတေသနကုမ္ပဏီ Check Point က ထုတ်ပြန်ခဲ့ပါတယ်။ App အတုတွေကို Store မှာ အခမဲ့ ရယူခွင့်ပြုထားပြီး Android အသုံးပြုတဲ့ လူသန်းပေါင်းများစွာက အသုံးပြုနေတယ်လို့ သိရပါတယ်။ အန္တရာယ်ရှိ app တွေကို download ပြုလုပ်ထားတဲ့ အကြိမ်အရေအတွက်ဟာ ၁ သန်းကနေ ၄.၂ သန်းကြားရှိပါတယ်။ အဲဒီ အန္တရာယ်ရှိ app တွေကို Google ဖြုတ်ချခဲ့တယ်လို့ Check Point ကပြောခဲ့ပါတယ်။

ဗိုင်းရပ်စ်တွေက အခမဲ့ wallpaper အပြင် ကင်မရာနဲ့ ဗီဒီယိုတည်းဖြတ်တဲ့ app တွေအဖြစ် ပုံဖမ်းထားကြပါတယ်။ App ထဲက malware တွေက ငွေပေးချေဖို့တောင်းဆိုတဲ့ text message အတုတွေပေးပို့တာ ဒါမှမဟုတ် ငွေပေးချေတဲ့ဝန်ဆောင်မှုအတွက် ပစ်မှတ်ထားခံရသူကို လျှို့ဝှက်စာရင်းပေးသွင်းတာတွေ ပြုလုပ်တတ်ပါတယ်။ အဲဒီ malware ကို “ExpensiveWall” လို့ Check Point က အမည်ပေးထားပြီး အန္တရာယ်ရှိ app အများစုကတော့ wallpaper အတု app တွေဖြစ်ပါတယ်။

ExpensiveWall လို့အမည်ရတဲ့ malware တစ်မျိုးကို ဇန်နဝါရီလမှာ McAfee က Google Play ပေါ်မှာ တွေ့ရှိခဲ့ပါတယ်။

“အဲဒီ malware အမျိုးအစားကို download ပြုလုပ်ထားတဲ့ အကြိမ်ရေ ၅.၉ သန်းနဲ့ ၂၁.၁ သန်း အကြားရှိတယ်” လို့ Check Point သုတေသီတွေက blog post မှာရေးသားထားပါတယ်။

Check Point က Google ကို app အတုနဲ့ပတ်သက်ပြီး သြဂုတ်လ ၇ ရက်မှာ သတိပေးခဲ့ပြီးနောက်မှာ အဲဒီ app တွေကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာ app အတုတွေ အများကြီး ထွက်လာပြီး Google က မဖျက်ခင်မှာ download ပြုလုပ်ထားတဲ့ အကြိမ်ရေ ၅,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET