Doom 64

၁၉၉၇ ခုနှစ်က Nintendo 64 နဲ့ ကစားနိုင်အောင် ထုတ်လုပ်ခဲ့တဲ့ တိုက်ခိုက်ပစ်ခတ်ရေး ဂိမ်းကတော့ ၂၂ နှစ်အကြာမှာ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးပြီးပြန် လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ Nintendo Switch , Xbox One, PS4 တွေအပြင် Wins စနစ်နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတာပါ။

နာမည်ကျော်မင်းသား The Rock ပါဝင်သရုပ်ဆောင်ထားတဲ့ Doom ဇာတ်ကားထဲကလိုပဲ ရန်သူတွေရော အပြင်အဆင်တွေပါ ဆင်ပါတယ်။ ဇာတ်လမ်းသွားတော့ မတူပါဘူး။ အဓိကအား နည်းချက်တစ်ခုပဲ ပြောစရာရှိတာက Single အနေနဲ့ပဲ ကစားနိုင်တာပါ။ ကျန်တဲ့ဂိမ်းရဲ့ ဖန်တီးမှုတွေကတော့ စိတ်ဝင်စားစရာ တကယ်ကို ကောင်းပါတယ်။

ကစားသူအနေနဲ့ အဆင့်ပေါင်း ၃၂ ဆင့်ကို အနိုင်ရအောင် ကစားရမှာပါ။ ဇာတ်လမ်းသွားပုံစံ အဆင့်တစ်ဆင့်ချင်းစီမှာ မိစ္ဆာတွေကို ရင်ဆိုင်ရမယ်၊ လက်နက်တွေ စုဆောင်းရမယ်၊ ပြီးတော့နောက်တစ်ဆင့်တက်ဖို့ သော့ကိုပါရအောင်ယူနိုင်ရမှာပါ။ Doom ဇာတ်လမ်းသွားနဲ့ ကွဲပြားတဲ့ နောက်ထပ်ဆန်းသစ်ချက်တစ်ခုက မိစ္ဆာတွေကို ရင်ဆိုင်နေဖို့တစ်ခုတည်း မဟုတ်ဘဲ ချောက်တွေကို ရှောင်းရှားကျော်ဖြတ်တာတွေ၊ အဆိပ်သင့်ဝန်းကျင်တွေကို ကျော်ဖြတ်တာတွေလည်းပါရှိပါတယ်။

လက်နက်တွေကိုလည်း လက်တွေ့ထက် ပိုမိုထူးခြားတဲ့ စိတ်ကူးယဉ်ဆန်ဆန် စွမ်းဆောင်ရည်တွေရှိအောင် ဖန်တီးထားပါတယ်။ သေနတ်တစ်ခုတည်း သုံးနိုင်ရုံတင်မဟုတ်ဘဲ ဓားပုံစံစက်တပ်လွှတွေ ပေးထားတယ်၊ လျှပ်စစ်စွမ်းအင်သုံး စိတ်ကူးယဉ် လက်နက်သစ်တွေကိုလည်း ရွေးချယ်ကစားနိုင်အောင် အသစ်အားဖြည့်ထားတာ တွေ့ရပါတယ်။ လက်နက်တစ်ခုချင်းစီကိုလည်း အဆင့်မြှင့်နိုင်အောင် ဖန်တီးထားပြီး စွမ်းဆောင်ရည် တိုးတက်ကောင်းမွန် လာရုံတင်မဟုတ်ဘဲ ကျည်ပြန်ဖြည့်ရ လွယ်ကူဖို့တွေ၊ စွမ်းအားမြင့် လက်နက်တွေမှာ ပစ်ခတ်နိုင်မှု ပိုမိုမြန်ဆန်လာခြင်းတွေကိုပါ အဆင့်မြှင့်နိုင်အောင် ထည့်သွင်းထားတာ တွေ့ရပါတယ်။

Unmaker ဆိုတဲ့ လေဆာစွမ်းအင်သုံး လက်နက်သစ်တစ်ခု အားဖြည့်ထားတာ တွေ့ရပြီးနောက်ပိုင်း အဆင့်တွေမှာ Unlock ဖြစ်လာမှာပါ၊ သူကပစ်ခတ်နိုင်စွမ်း မြန်မြန်နဲ့ကစားသူရဲ့ ပစ်ခတ်မှုတိကျရင် တိကျသလို ထိချက်မှန်ကန်မယ့် လက်နက်ပါ။ စွမ်းရည်မြင့်မားပြီး လက်တွေ့ဆန်ပါတယ်။ ဂိမ်းစနစ်ကနေ ပစ်ခတ်မှုတွေအတွက် အကူပေးမှုမရှိဘဲ ကစားသူရဲ့ လက်ဆအတိုင်း ထိမိစေမှာပါ။ ဒါကြောင့် Console သမားတွေအနေနဲ့ လက်တည့်ရင် လက်တည့်သလိုသုံးလို့ စိတ်ကြိုက်ဖြစ်မယ့် လက်နက်ပါ။ ဒါပေမဲ့ အသားကျဖို့ ခက်တာကြောင့် အပျော်တမ်း ဂိမ်းသမားတွေကတော့ Unmaker ကို မသုံးဘဲ တခြားလက်နက်တွေနဲ့ပဲ တိုက်ပွဲဝင်သင့်ပါတယ်။

ဇာတ်လမ်းသွား ဆန်းသစ်မှုမရှိပေမယ့် တိုက်ခိုက်ရေးလည်းဖြစ်သလို မိမိရှင်သန်ဖို့ အချိန်ပြည့်ကြိုးစားနေရမှာဖြစ်လို့က စားရတာ စိတ်ဝင်စားမှုအပြည့်ရှိ နေစေပါလိမ့်မယ်။ လက်နက်မှန်ကန်အောင် ရွေးချယ်တိုက်ခိုက်နိုင်မှုကလည်း အနိုင်ရဖို့ ပိုမိုလွယ်ကူစေမယ့် နည်းပါ။ လက်နက်ပြောင်းလဲ အသုံးပြုရမှုလဲ မြန်ဆန်ပါတယ်။ ကစားချိန် အနည်းဆုံး နာရီ ၃၀ ထိအောင် လိုအပ်သလို လက်နက်သစ် Unmaker ကို အသားကျအောင် ကစားချင်ရင် နာရီပေါင်းများစွာ လေ့ကျင့်ဖို့ လိုအပ်တာကြောင့် ၂၂ နှစ် အကြာမှ ပြန်လာတဲ့ Doom 64 က သင့်ကို စိတ်ကျေနပ်မှု အပြည့်ပေးနိုင်မယ့် တိုက်ခိုက်ရေး ဂိမ်းလို့ မှတ်ချက်ပေးချင်ပါတယ်။